မြို့နယ်ဥပဒေဆိုင်ရာ
မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးရမည့်အမှုမျိုး ယနေ့တိုင် မရှိသေးဟုဆို

ချောင်းဆုံ ဇွန်

ချောင်းဆုံမြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အနေဖြင့်တာဝန်ယူဆောင်ရွက်ပေးရမည့်အမှုကိစ္စမျိုး မရှိသေးကြောင်းယင်းအဖွဲ့မှ ဦးခင်မောင်ဦးက ပြောသည်။

အဆိုပါအဖွဲ့ ရုံးခန်းကို ချောင်းဆုံမြို့ ၊ ကျွန်းသာယာ ခန်းမ၌ ဇွန်လ ၁ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့သည်။

“မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အနေနဲ့  အလှည့်ကျနေ့စဉ် ရုံးခန်းဖွင့်ပြီး ရုံးထိုင်နေပြီ ဖြစ်တယ်။ဥပဒေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ အမှုကိစ္စနဲ့ ပတ်သက်ပြီးလာရောက်မေးမြန်းတာတွေအကြံဉာဏ် တောင်းခံတာတွေတော့နေ့စဉ်နဲ့အမျှရှိတယ်။ ပြစ်မှုဆိုင်ရာနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်နဲ့ ကိုက်ညီတဲ့ အဖွဲ့ အနေနဲ့ တာဝန်ယူဆောင်ရွက်ပေးရမယ့် အမှုမျိုးတော့ ယနေ့တိုင် မရှိသေးဘူး” ဟု ၎င်းကပြောသည်။

“အရင်တုန်းကတော့ ဥပဒေနဲ့ ပတ်သက်ပြီး အကြံဉာဏ်တောင်းခံနိုင်ဖို့ငွေကြေးကုန်ကျမှုတွေ ရှိတယ်။ ဒီအဖွဲ့ကတော့ငွေကြေးပေးစရာမလိုဘူး။ အမှုလက်ခံလိုက်ရင်လည်း အမှုလိုက်တာကအစ ငွေကြေးကုန်ကျမှုတွေ  မရှိဘူး။ အမှုနဲ့ ပတ်သက်ပြီး နစ်နာမှုရှိတယ်၊ ကိုယ့်ဘက်က မှန်ကန်တယ်ထင်ရင်အကြံဉာဏ် လာရောက်ယူနိုင်တယ်။ အကူအညီ တောင်းခံနိုင်တယ်”ဟု ဦးခင်မောင်ဦးကရှင်းပြသည်။

ချောင်းဆုံမြို့နယ်ဥပဒေ ဆိုင်ရာအထောက်အကူပေးရေးအဖွဲ့တွင် အဖွဲ့ဝင် ၅ ဦး ပါဝင်ဖွဲ့စည်းထားကြောင်း၊ မိသန်းသန်းမွန်က ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖြစ် ဒေါ်ရွှေဇင်၊ အဖွဲ့ဝင်များအဖြစ် ဦးနေလင်းအောင်၊ဦးညွန့်ဝင်းနှင့် ဦးခင်မောင်ဦးတို့ ပါဝင်ကြောင်း ဦးညွန့်ဝင်းက ဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply