Advertisements

မော်လမြိုင်၊ နိုဝင်ဘာ

မွန်ပြည်နယ်အတွင်း၌ တည်ဆောက်နေသော မြို့ပြစီမံကိန်းများကို အထောက်အကူ ပြုနိုင်ရန်အတွက် ပြည်နယ် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ယင်း ဥပဒေကြမ်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါဝင်သည့် ဇယား (၂) အပေါ် အခြေခံ ရေးဆွဲထားခြင်းဖြစ်ပြီး၊ ပြည်နယ်အတွင်း၌ တည်ဆောက်နေသည့့် မြို့ပြစီမံကိန်းနှင့် အထပ်မြင့် အဆောက်အဦစီမံကိန်းကို သီးခြား တာဝန်ယူ ကြီးကြပ်သည့် အဖွဲ့အစည်း မရှိသည့်အတွက်ကြောင့် ရေးဆွဲရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“တချို့ ရင်းနှီးမြှုပ်နှံနိုင်တဲ့ လုပ်ငန်းရှင်တွေက အဆင့်မြှင့်အိမ်ယာတွေကို တည်ဆောက်တော့မယ်ဆိုရင် သူက ဘယ်သူဆီက ခွင့်ပြုချက် ယူရမယ်ဆိုတာ ကျွန်တော်တို့မှာ သတ်သတ်မှတ်မှတ် မရှိဘူး၊ အခုက အစိုးရဆီမှာပဲ proposal တင်ပြီး ခွင့်ပြုချက်တောင်းတယ်၊ ကျွန်တော်ပြောချင်တာ ဒီလမ်းကြောင်းအရ သိပ်မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုပေးနေသည့် လုပ်ငန်းများသည် ဥပဒေအရ ခွင့်ပြုပေးခြင်း မဟုတ်သည့်အတွက် အစိုးရ တစ်ရပ် အပြောင်းအလဲ ဖြစ်ပါက ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ခြင်းကြောင့် ဥပဒေနှင့် အညီ လုပ်ကိုင်ခွင့် ပေးရန် ယင်းဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

ဥပဒေကြမ်းတွင် မြို့ပြစီမံကိန်း တစ်ခုအတွက် လုပ်ငန်း လုပ်ကိုင်ခွင့်ကို ဌာနပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ကော်မတီက စည်းမျဉ်းစည်းကမ်းနှင့် အညီ လုပ်ကိုင်ခွင့် ပေးအပ်နိုင်ပြီး၊ စီမံကိန်း စောင့်ကြည့် ထိန်းကျောင်းခြင်းကိုပါ ယင်းကော်မတီက လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းဥပဒေကြမ်း၌ ကော်မတီသည် မြို့ပြစီမံကိန်း ဧရိယာကိုသာ အဓိကထား ကိုင်တွယ်ရမည်ဖြစ်ပြီး၊ ရပ်ကွက်အတွင်း အိမ်ယာ တည်ဆောက်ခြင်းများကို ယခင်ပုံစံအတိုင်း စည်ပင်သာယာရေးအဖွဲ့ကသာ ကြီးကြပ် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

ဥပဒေကြမ်းကို ဒီဇင်ဘာ ၄ ရက်တွင် ကျင်းပမည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် အဌမ ပုံမှန်အစည်းအဝေးတွင် တင်သွင်းသွားမည်ဖြစ်သည်။

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်တွင် ဘတ်ဂျက်ဆိုင်ရာ ဥပဒေများအပြင် အထူး ဥပဒေဖြစ်သည့် ပြည်နယ် စည်ပင်သာယာရေး ဥပဒေနှင့် ပြည်နယ် အသေးစား၊ အလတ် လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေး ဆိုင်ရာ ဥပဒေ နှစ် ခုကို အတည်ပြုထားသည်။

Written by ဇော်ထိုက်

Advertisements
<

Leave a Reply