မော်လမြိုင်၊ မေ

မွန်ပြည်နယ်အတွင်းရှိ မြို့ဝင်ကြေးများကို ကောက်ခံလျက်ရှိသည့် ရွှေသံလွင် ကုမ္ပဏီက ရပ်နားသွားသည့် အတွက်ကြောင့် မြို့ဝင်ကြေး ကောက်ခံသည့်ဂိတ်များ ပြန်လည်ဆောက်လုပ်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုထားကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးရုံးမှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။

“ရွှေသံလွင်က မလုပ်တော့ဘူးဆိုတော့ ကိုယ်လုပ်ရမယ့် အနေအထား ဖြစ်သွားတယ်၊ ဂိတ်ဆောက်ဖို့အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေတုန်းပဲ၊ ပြီးတော့ အစိုးရကိုလည်း တင်ပြထားတယ်”ဟု ၎င်းက ဆိုသည်။

ယခင်နှစ် မြို့ဝင်ကြေး အခွန်များကို ရွှေသံလွင် ကုမ္ပဏီနှင့် ဟိုင်းဝေ ကုမ္ပဏီတို့က ကောက်ခံခဲ့ပြီး၊ လက်ရှိတွင် ရွှေသံလွင် ကုမ္ပဏီ ရပ်နားသွားခြင်းကြောင့် ဂိတ်အသစ်များ ထပ်မံဆောက်လုပ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဂိတ်အသစ်များ ထပ်မံဆောက်လုပ်ရန်အတွက် ပြည်နယ်အစိုးရနှင့် ညှိနှိုင်းနေပြီး၊ ပြည်နယ်အစိုးရအဖွဲ့က ချမှတ်ပေးမည့် မူဝါဒအသစ်တစ်ရပ်ကို စောင့်ဆိုင်းနေကြောင်း ၎င်းက ပြောသည်။

၂၀၁၆ ခုနှစ်တွင် မွန်ပြည်နယ်အတွင်းရှိ မြို့ဝင်ဂိတ်များမှ ကောက်ခံရရှိသည့် မြို့ဝင်ကြေး အခွန်ငွေ ကျပ်သန်း ၄၂၄ ဒသမ ၇၀၇၉ သန်းကျော်ကို ကောက်ခံရရှိထားကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးရုံးမှ စာရင်းမျုားအရ သိရသည်။

Written by – ခင်နန်းဌေး

Leave a Reply