ဒုတိယသမ္မတ ဦးမြင့်ဆွေ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တာဝန်ယူခဲ့စဉ် အကောင်အထည်ဖော်ခဲ့သော  ဆင်းရဲမွဲတေမှု ပပျောက်ရေးအစီအစဉ်အရ ရပ်ကွက်သစ်ဖော်ရာတွင် ရပ်ကွက်နေသူများ ပေးသွင်းထားသော မြေကွက်ကြေး သိန်း ၈၀၀ ကျော်ကိုကြံ့ခိုင်ရေးပါတီဝင်များက အလွဲသုံးစားလုပ်သည်ဆိုကာ ပြည်သူ ၃၄ ဦးက အမှုဖွင့်တိုင်ကြားထားသည်။

အဆိုပါစီမံကိန်း ဖော်ဆောင်ရန် ၂၀၀၉ ခုနှစ်ကတည်းက အစပျိုးခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသား ၃၂ ဦးဖြင့် ရပ်ကွက်သစ်ဖော်ဆောင်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကာ မြေကွက်ကြေးကိစ္စအဝဝကို တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ‘ဆင်းရဲသားပပျောက်ရေးစီမံချက်’ နှင့် ရပ်ကွက်သစ်ဖော်ဆောင်ရေးကို အဆိုပါဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ လေးထောင့်ကန်စံပြကျေးရွာတွင် စတင်ဆောင်ရွက်ရာ၌ လယ်သမားကြီး ခြောက်ဦးထံမှ လယ်မြေ ၃၈ ဒသမ ၈၆၁ ဧကပေါ်တွင် ပေ ၂၀ x ပေ ၆၀ မြေကွက်ပေါင်း ၇၃၈ ကွက် ဖော်ဆောင်ခဲ့သည်။

ယင်းမြေကွက် ၇၃၈ ကွက်ကို ယခင်ရပ်ကွက်သစ်ဖော်ဆောင်ရေး ကော်မတီ (ဟောင်း) က မြေကွက်တစ်ကွက်အတွက် ငွေကျပ် ၃၂၀,၀၀၀ ဖြင့် အကွက်ပေါင်း ၁၂၄ ကွက်အတွက် ကောက်ခံခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာသို့ ငွေကျပ် ၃၉၆ သိန်းကျော်ကို ပေးသွင်းခဲ့ကြောင်း ငွေပေးသွင်းမှု စာရင်းရှင်းတမ်းစာရွက်အရ သိရသည်။

ယင်းနောက် ဒုတိယအကြိမ်အဖြစ် မြေကွက်ပေါင်း ၄၃၄ ကွက် ထပ်မံကျလာပြီး ယင်းအနက်၂၄၈ ကွက်ကို ကော်မတီ (ဟောင်း) က တစ်ကွက်လျှင် ၃၂၀,၀၀၀ ဖြင့် ထပ်မံကောက်ခံရာ ကျပ် ၇၉၃ သိန်းကျော် ရရှိခဲ့သည်။

ပထမအကြိမ်ရရှိသည့် မြေကွက် ၁၂၄ ကွက်အတွက် မြေပါမစ်ကြေး ကျပ် ၃၉၆ သိန်းကို စည်ပင်သို့ ပေးသွင်းခဲ့ကာ မြေချပါမစ်များ ရရှိခဲ့သော်လည်း ဒုတိယအကြိမ် ကောက်ခံထားသည့် ကျပ်သိန်း ၈၀၀ နီးပါးကို ယခုအချိန်ထိ မပေးသွင်းရသေးသည့်အတွက် အဆိုပါ ငွေသွင်းထားသူများမှာ မြေပါမစ်များ မရရှိသေးသဖြင့် မြေပါမစ် မရသူများထဲမှ ၃၄ ဦးက အဆိုပါကော်မတီဟောင်းကို တရားစွဲဆိုခြင်းဖြစ်သည်။

ယခုအခါ အဆိုပါရပ်ကွက်သစ်ဖော်ဆောင်ရေး ကော်မတီဟောင်းတွင် ကော်မတီဝင် ၁၉ ဦးသာကျန်ရှိတော့ပြီး ၎င်းတို့ကို ပြည်သူ ၃၄ ဦးက ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ၊ ၄၀၉ (ငွေကြေးလိမ်လည်မှု၊ ငွေကြေးယုံကြည်  အပ်နှံရေးဖောက်ဖျက်မှု) တို့ဖြင့် ဒဂုံ(အရှေ့) မြို့မရဲစခန်းတွင်အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်သည်။

ထို့အပြင် စီမံကိန်းနှင့်ဘေးချင်းကပ်တည်ရှိသည့် ရိုးမြေ နှစ်ဧကကိုလည်း ကျေးရွာလျှပ်စစ်မီးအတွက်ဟု ဆိုကာ ဥက္ကဋ္ဌဟောင်း ဦးကျော်နှင့် ထိုအချိန်က ကြံခိုင်ရေးအသင်းဝင် ဦးချစ်ညွန့်တို့က ကျပ်သိန်း ၄၅၀ ဖြင့် ရောင်းခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ထို စွပ်စွဲချက်နှင့် ပတ်သက်ပြီး ကော်မတီဟောင်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ လေးထောင့်ကန်ကျေးရွာ ပြည်ခိုင်ဖြိုး ရပ်ကွက်ဥက္ကဋ္ဌ ဦးချစ်ညွန့် က ငြင်းဆိုသည်။

“ဘယ်သူ့မြေမှရောင်းတာမရှိဘူး၊ ဘယ် နှစ်ဧက မှလည်း မရောင်းဘူး။ ကိုယ်ထူကိုယ်ထစနစ်နဲ့နှစ်ပေါင်းများစွာ အပင်ပန်းအဆင်းရဲခံပြီး ဒီရပ်ကွက်ကို ဖော်ခဲ့တာ” ဟု ၎င်းက ပြောသည်။

အလျားပေ ၂၀ ၊ အနံ ၆၀ ရှိသည့် မြေကွက်တစ်ကွက်ရရှိရန် ငွေကျပ် ၃၂၀,၀၀၀ ပေးသွင်းရပြီးငွေပေးသွင်းပြီး တစ်ပြိုင်နက် အကွက်နံပါတ်များကို မဲဖောက်ရယူရကြောင်း၊ ငွေပေးသွင်းထားသော်လည်း မြေပါမစ်မကျသေးကြောင်း လေးထောင့်ကန်ကျေးရွာနေ ဒေါ်ခင်နွဲ့က Myanmar Now ကို ပြောသည်။

ဒေါ်ခင်နွဲ့သည် ကော်မတီဟောင်းကို ငွေကြေးလိမ်လည်မှုဖြင့် အမှုဖွင့်ထားသည့် ကျေးရွာနေပြည်သူ ၃၄ ဦးထဲမှ တစ်ဦးဖြစ်သည်။

ကျေးရွာနေသူများမှာ ငွေသွင်းထားပြီး မြေပါမစ်မရသဖြင့် အကြိမ်ကြိမ်တိုင်ကြားသော်လည်းအရာမထင်ခဲ့သည့်အတွက်၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိခဲ့စဉ် လေးထောင့်ကန်ကျေးရွာနေပြည်သူ ၂၅၀ ခန့်ကစာပို့တိုင်ကြားခဲ့သည်။

ကိုယ်ထူကိုယ်ထစနစ်နဲ့ နှစ်ပေါင်းများစွာ အပင်ပန်းအဆင်းရဲခံပြီး ဒီရပ်ကွက်ကို ဖော်ခဲ့တာ

ယင်းသို့တိုင်ကြားပြီးနောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တံဆိပ်ပါ စာဖြင့် ၂၀၁၈ ခုနှစ် မေလအတွင်း ကော်မတီဟောင်းကို ဖျက်သိမ်းပြီး အဖွဲ့ဝင် ၁၅ ဦး ပါဝင်သည့် ရပ်ကွက်သစ်ဖော်ဆောင်ရေး ကော်မတီသစ်ကို ဖွဲ့စည်းလိုက်သည်။

အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ယင်းကော်မတီဟောင်းကို တရားဝင်ဖျက်သိမ်းကြောင်းနှင့် အသစ်ဖွဲ့စည်းကြောင်း ထုတ်ပြန်လိုက်သော်လည်း ကြံခိုင်ရေးပါတီဝင်များ ပါရှိသည့်ကော်မတီဟောင်းသည် ကောက်ခံရရှိထားသော ငွေများကို ယခုထိတိုင် ကော်မတီသစ်အား လွှဲပေးခြင်း၊ မြို့တော်စည်ပင်သို့ ပေးသွင်းခြင်း မရှိကြောင်း ကော်မတီသစ်က ပြောသည်။

ယင်းသို့ ငွေများလွှဲပြောင်းပေးခြင်း မရှိသည့်အတွက် ကြံခိုင်ရေးပါတီဝင် ၁၉ ဦးပါသည့်ကော်မတီဟောင်းကို ကော်မတီသစ်က ပုဒ်မ- ၄၀၉ (ယုံကြည်  အပ်နှံရေးဖောက်ဖျက်မှု) တို့ဖြင့် အရှေ့ဒဂုံရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း၊ ကော်မတီဟောင်းကလည်း နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကာကွယ်ပေးရေး ဥပဒေပုဒ်မ၁၀ ဖြင့် အမှုဖွင့်ထားသလို ကော်မတီသစ်ကလည်း အဆိုပါ ပုဒ်မ – ၁၀ ဖြင့်ပင် အပြန်အလှန်အမှုထပ်ဖွင့်ထားကြောင်း၊ နှစ်ဖက်စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ကော်မတီသစ်အတွင်းရေးမှူး ဒေါ်ညွန့်ညွန့်အေးက Myanmar Now ကို ပြောသည်။

ကော်မတီသစ် ပြောင်းလဲ ဖွဲ့စည်းသည့်အတွက် မြေပါမစ်အတွက် ငွေသွင်းခွင့်ကို မြို့နယ်ထွေအုပ်က စည်ပင်သာယာရေးကော်မတီကို လှမ်းတားထားကြောင်း ကော်မတီဟောင်းက ပြောသည်။

Leave a Reply