Advertisements

မင်းပြား၊ အောက်တိုဘာ(၃)ရက်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နှင့် ပေါက်တောမြို့များတွင် (၂၄)နာရီလျှပ်စစ်မီးရရှိရာ ရပ်ကွက်အချို့မှ လျှပ်စစ်မီးရရှိ သည့် နေအိမ်အချို့တွင် ဝါယာရှော့ ဖြစ်ပွားမှုများရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

မြေပုံမြို့တွင် ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁)ရက်နှင့် ပေါက်တောမြို့တွင် အောက်တိုဘာ(၂)ရက်မှ စတင် ကာ မဟာဓာတ်အားလိုင်မှတဆင့် (၂၄)နာရီ လျှပ်စစ်မီးပေးနေပြီဖြစ်ကြောင်း မြေပုံမြို့နယ် လျှပ်စစ်မှူးထံမှ သိရသည်။

”ဗို့အား မမှန်သလိုပါဘဲ။ တချို့နေအိမ်တွေက ဝါယာရိမ်းလိုက်ဖို့လည်း လိုအပ်နေတယ်။ ဒါကြောင့် နေအိမ်တွေ မှာ မီးချောင်းတွေ၊ TV တွေ ပေါက်တာ နည်းနည်းရှိတယ်။ တချို့အိမ်တွေဆို မီးပိတ်ထားရတယ်။ နည်းနည်းတော့ အနေအထားချရဦးမှာပါ။ လျှပ်စစ်မီးရတာ ကောင်းပါတယ်။” ဟု မြေပုံမြို့၊ အောင်မင်္ဂလာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးက္ကန္ဒစာရက မိန့်သည်။

လျှပ်စစ်မီးစတင်ပေးရာတွင် မြေပုံမြို့ပေါ်ရှိ သဲတန်း၊ ကံသာချောင်းဝ၊ သင်္ဘောဆိပ်၊ ရွာသစ်ကေစသည့် ရပ်ကွက်များရှိ နေအိမ်များတွင် အဆင်သင့်ပြင်ဆင်ထားမူ အားနည်းချက်များကြောင့် နေအိမ်သုံးလျှပ်စစ်ပစ္စည်း ပျက်ဆီးမူများရှိနေကြောင်း မြေပုံမြို့ဒေသခံများထံမှ သိရသည်။

“အောက်တိုဘာ (၁)ရက် ညနေ ၅ နာရီခွဲကနေ စပြီးပေးပါတယ်။ လောလောဆယ်တော့ မြေပုံမြို့ပေါ် ရပ်ကွက်တွေကို ပေးထားတာပါ။” ဟု မြေပုံမြို့နယ် လျှပ်စစ်မှူး ဦးဝင်းလှိုင်က ပြောသည်။

မြေပုံမြို့ပေါ်ရပ်ကွက် (၉)ခု၊ မီတာဘောက်စ် တပ်ဆင်ထားသော နေအိမ် (၁၁၆၆) လုံးအား လျှပ်စစ်မီးပေးနေပြီ ဖြစ်ကြောင်း သိရသည်။
“မြို့ထဲတော့ မီးမလွှတ်သေးဘူး။ ရပ်ကွက် ၃ ကတော့ မနေ့ည(အောက်တိုဘာ ၁ ရက်) (၆း၀၀) နာရီကနေ စပြီးရတယ်။

ကျွန်တော်ရပ်ကွက် ၃ ဖက်ကို သွားကြည့်တော့ ဝါယာတွေ ရှော့ဖြစ်နေတာ တွေ့တယ်။ ဒီနေ့ မြို့ထဲရပ်ကွက်တွေက မီးလွှတ်မယ်လို့ကြာတယ်။ သူတို့တွေ အလုပ်များနေကြတယ်။”ဟု ပေါက်တောမြို့ခံ ကိုဇော်မင်းဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မာန်အောင်မြို့များတွင် မဟာဓာတ်အားလိုင်း မှ ပေးသည့် (၂၄)နာရီ လျှပ်စစ်မီး မရရှိသေးကြောင်း သိရသည်။
Written by – MMK

Advertisements
<

Leave a Reply