မြေပြို လမ်းပိတ်ခဲ့သည့် အာရှလမ်းတွင် စက်ယန္တရားများဖြင့် အသင့် စောင့်ကြပ်နေ

ကော့ကရိတ် ၊ ဇူလိုင်

ဇူလိုင်လ ၅ရက်နေ့မှ စ၍ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ကရင်ပြည်နယ်၊ ဒေါနတောင်တန်း၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်၊ ကီလိုမီတာ (၁၅၄)အနီး နတ်စင်ကွေ့တွင် ပြီးခဲ့သည့် ဇူလိုင်လ (၈)ရက် (၉)ရက်တို့က မြေပြိုမှုဖြစ်ပွားခဲ့၍ လမ်းကြောင်း နှစ်ရက်တိုင် ပိတ်ဆို့မှု ဖြစ်ပွားခဲ့ရာ ထပ်မံမဖြစ်စေရန် အသင့်ပြင်ဆင်ထားကြောင်း ကော့ကရိတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေးက ဇူလိုင်လ ၁၈ရက်တွင် ဟင်္သာမီဒီယာသို့ ပြောကြားသည်။

မြေအနည်းငယ်ပြိုသည်နှင့် ချက်ချင်းဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် မြေတူး မြေကော်စက်များ အရန်သင့် ပြင်ဆင်ထားရှိကြောင်း ၎င်းကဆိုသည်။

” အဲဒီ တချို့နေရာမှာ မြေထိန်းနံရံတွေက မရှိဘူး ။ အမှန်က လှေကားထစ်လို သူလုပ်ရမှာ”ဟု ၎င်းက သုံးသပ်ဝေဖန်သည်။

ယင်းမြေပြိုမှုကို မြဝတီနှင့် ကော့ကရိတ်မြို့နယ်ရှိ တာဝန်ရှိသူများ ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း ဦးစိုးဌေးက ဆက်လက်ပြောကြားသည်။

မြေပြိုကျပြီး လမ်းပိတ်ဆို့မှုကြောင့် ယခုလဒုတိယသီတင်းပတ်အတွင်းတွင် မြန်မာ-ထိုင်းနယ်စပ် ခရီးသွားများ၊ ကုန်သွယ်စီးပွားရေးသမားများအတွက် လမ်းပန်းဆက်သွယ်ရေး ကြန့်ကြာခက်ခဲမှုနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရကြောင့် ကော့ကရိတ်ဒေသခံတို့ထံမှ သိရသည်။

အဆိုပါ အာရှလမ်းမကြီးမှာ နေ့စဉ် ယာဉ်ကြီးယာဉ်ငယ် ဖြတ်သန်းသွားလာမှု အစီးရေ ထောင်သောင်းချီနေသည့် ကရင်ပြည်နယ်အတွင်း အရေးအပါဆုံးလမ်းပိုင်းလည်းဖြစ်သည်။

ယင်းသို့ တောင်ကမ်းပါးယံပြိုကျခဲ့သည့်သည့်နေရာမတွင် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေသည်လည်းဖြစ်ရာ လမ်းပိတ်ဆို့မှုကြောင့် ကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်မှုမရှိစေရေးနှင့် ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစေရေးအတွက် စက်ယန္တရားများဖြင့်အသင့်စောင့်ဆိုင်းနေသော လမ်းဦးစီးဌာန(ကော့ကရိတ်)က အချိန်မီရှင်းလင်းဆောင်ရွက်နိုင်ခဲ့၍ ဇူလိုင်လ ၁၆ရက်နေ့တွင် ယာဉ်ကြီးယာဉ်ငယ်များ အခက်အခဲမရှိ သွားလာလျက်ရှိကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ယင်းနေ့က ဖော်ပြသည်။

Written by စောအယ်လ်ဒီး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.