မြေယာကျူးကျော်နှင့် လျှပ်စစ်လိုအပ်ချက်မှာစီးပွားဖွံ့ဖြိုးမှုအတွက် စိန်ခေါ်ချက်ဟုဆို

ဘားအံ ၊ ဇူလိုင်

ကရင်ပြည်နယ်ရှိ စက်မှုဇုန်များတွင် မြေယာကျူးကျော်နေထိုင်မှုနှင့် လျှပ်စစ်ဓာတ်အားမလုံလောက်မှုများမှာ စက်မှုဇုန် ဖြစ်ထွန်းရေးတွင် စီးပွားရေး စိန်ခေါ်မှု တစ်ခုဖြစ်နေသည်ဟု ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးလှိုင်က ဝေဖန်သုံးသပ်ခဲ့သည်။

ဇူလိုင် ၂ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ သီရိဘားအံဟိုတယ်၌ Internews – Myanmar မှ စီစဉ်သည့် ဒေသန္တရ စီးပွားရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ သတင်းရေးသားနည်း သင်တန်း၊ သင်တန်းသားများကို (၂)နှစ်တာအတွင်း ဒေသစီးပွား ဖွံ့ဖြိုးရေး၏ လုပ်ဆောင်မှု လုပ်ငန်းစဉ်များအား ဆွေးနွေးစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြေနေရာတွေကို ဝယ်ယူထားတာတွေက ရန်ကုန်က လူတွေနဲ့ လက်နက်ကိုင်မိသားစု၊ အသင်းအဖွဲ့အစည်းတွေလည်း ပါတယ်”ဟု ၎င်းက ဆိုသည်။

က်မှုဇုန်အတွင်း ကျူးကျော်အဖြစ် ရှိနေခြင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ မြေယာမူဝါဒ အရမြေယာပိုင်ဆိုင်မှု ထုတ်ပေးထားခြင်းနှင့် အစိုးရဘက်ကလည်း မြေယာပိုင်ဆိုင်မှု အခွန်ပြေစာများနှင့် ပုံစံ(၇)များ ထုတ်ပေးထားသည့်အကြား ပြည်နယ်အစိုးရက ကိုင်တွယ်ဖြေရှင်းရန် အခက်တွေ့နေခြင်းဟု ဌာနဆိုင်ရာ အရာရှိတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

” စက်မှုဇုန်နေရာအဖြစ်သတ်မှတ်ပြီးသားလေ။ အဲဒီအတွက် ဖြေရှင်းဖို့ နည်းလမ်းတွေလည်း ရှိပြီးသားပါ” ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးမင်းထွန်းက ဆိုသည်။ ဖြေရှင်းရာတွင် လက်ရှိမြေယာဥပဒေဖြင့်သာ ဖြေရှင်းလုပ်ဆောင်သွားရမည် ဖြစ်ကြောင်း သိရသည်

စက်မှုဇုန်ဟူ၍ သတ်မှတ်ပေးပြီးမှ ရောက်လာသော လူများရှိသကဲ့သို့ မသတ်မှတ်မီက ရောက်နှင့်ပြီးသူများလည်း ရှိကြောင်း၊ ယင်းတို့ကို သင့်လျော်သလို နစ်နာကြေးများကို စီမံသတ်မှတ်ပေးထားပြီး ဖြစ်ကြောင်း၊ နောက်ပိုင်း၌ လာရောက် ကျူးကျော်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးမင်းထွန်းက ပြောသည်။

“မြေယာအငြင်းပွားမှုတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်နေတယ်ဆိုတာတွေက အမှန်တကယ် မဟုတ်ပါဘူး ။အမည်ခံသက်သက်ပါ ။သူတို့လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သွားရောက်တွေ့ဆုံရင် သူတို့ မပါဝင်တာ များတယ်”ဟု ဦးမျိုးမင်းထွန်းက ဆိုသည်။

ဘားအံစက်မှုဇုန်တွင် အထည်ချုပ်စက်ရုံ၊ ကျောက်ခွဲ ကြိတ်စက်ရုံ၊ ပလတ်စတစ်စက်ရုံ၊ သွပ်ပြားစက်ရုံ၊ ကြွေရည်သုတ်စက်ရုံ၊ ရော်ဘာမှိုင်းခံစက်ရုံ၊ ရွှေသံလွင် စီးကရက်စက်ရုံတို့ ရှိနေကြောင်း၊ မြဝတီစက်မှုဇုန်၌ မြေဧက (၇၀၀) ကျော်ခန့်ရှိသော်လည်း စက်ရုံ(၃)ရုံသာရှိသေးကြောင်း ၊ ယင်း စက်မှုဇုန်၌ လျှပ်စစ်မီးကို ထိုင်းနိုင်ငံမှ တစ်ဆင့်ရယူ လည်ပတ်ရကြောင်း၊ ဓာတ်အားခ တစ်ယူနစ်လျှင် ထိုင်း ဘတ်ငွေ( ၇/၈)အထိ မြန်မာငွေ ကျပ် (၁၅၀)ခန့် ပေးဆောင်ရကြောင်း၊ လျှပ်စစ်မီး အပြည့်အ၀ မရရှိသေးသဖြင့် ရင်းနှီးမြှုပ်နှံလိုသူ နည်းပါးရကြောင်းလည်း ၎င်းက ပြောကြားသည်။

ဘားအံစက်မှုဇုန်ရှိ မဟာဘားအံ အထည်ချုပ်စက်ရုံမှ Factory Manager ဦးစိုးနိုင်က လက်ရှိအခြေအနေတွင် ဓာတ်အားခနှုန်းထားပေးဆောင်ရမှုမှာ ယူနစ်(၅၀၀)အထိ (၇၅)ကျပ် နှုန်းဖြစ်ပြီး ယူနစ်တစ်သောင်းအထိ (၁၀၀)ကျပ်၊ ယင်း အထက် (၁၂၅)ကျပ် နှုန်းထိ အစိုးရသို့ တရားဝင် ပေးသွင်းရကြောင်း၊ ဒီဇယ်ဆီသုံး မီးစက်ဖြင့် ဓာတ်အားရယူပါက တစ်နာရီလျှင်(၆၂၀၅)ကျပ် ကုန်ကျကြောင်း ပြောသည်။

စက်မှုဇုန်များကို ၂၀၁၂/၂၀၁၃ခုနှစ်တွင် စတင် ဖော်ဆောင်ခဲ့ရာ သယ်ယူပို့ဆောင်ရေးအတွက် လိုအပ်သော တံတား(၅၉)ခု တည်ဆောက်ခဲ့သည်။

မြေဧရိယာအကျယ်အဝန်းအနေဖြင့် ဇုန်(၁)တွင် (၁၇၆)ဧက၊ ဇုန်(၂) တွင်(၅၈၄.၈၄)ဧက၊ ဇုန်(၃)တွင် (၁၁၁.၆၇)ဧကဖြစ်ပြီး ဇုန်(၄)တွင် ၉၈.၅၅ဧက ကျယ်ဝန်းသည်။ ဇုန် ၄ အကွက် ၃၂၄ကွက်ရှိပြီး ကျူးကျော်နေထိုင်သူ အများဆုံး ဖြစ်ကြောင်း သိရသည်။

Written by စောအယ်လ်ဒီ – ကရင်ပြည်နယ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.