Advertisements

ဘားအံ ၊ဇူလိုင်

ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီထံ တိုင်ကြားစာများကို စစ်ဆေးမှုများ လုပ်ဆောင်ပြီးပါက ရသင့်ရထိုက်သည်များကို ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးလှိုင်က ပြောသည်။

ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၈)ကို ဇွန်လ ၂၈ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ယင်းအစည်းအဝေးအပြီးတွင် ဟင်္သာမီဒီယာကို ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီနေ့အစည်းအဝေးမှာ ပြည်နယ် ခရိုင် မြို့နယ်က မြေယာကော်မတီတွေပါဝင်တယ်။ ဒီအစည်းအဝေးက အတည်ပြု ဆုံးဖြတ်ချက် ချပြီးတာနဲ့ ဗဟိုလယ်/စစ်ကော်မတီကို ပို့မယ်”ဟု ၎င်းက ဆိုသည်။

ပြည်နယ်အတွင်း မြေယာကိစ္စ တိုင်ကြားစာအရေအတွက် အမှုတွဲပေါင်း ၁၈၈ မှုတွင် ၇၉ မှု ဖြေရှင်းဆောင်ရွက်ပြီးဖြစ်ကာ ၁၀၉ မှု ဖြေရှင်းဆောင်ရွက်ရန်ကျန်ရှိကြောင်း သိရသည်။

ဝန်ကြီးဌာနများမှ ပြန်လည်စွန့်လွှတ်မြေ အမှုတွဲ ၁၉ မှုတွင် စွန့်လွှတ်သည့် ဧက ၁၂၄၀ ကျော်ရှိကြောင်း ထပ်မံသိရှိရသည်။

ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် စိစစ်ရေးကော်မတီများအနေဖြင့် မူလပိုင်ရှင်နှင့် မြေယာသက်ဆိုင်သူများထံသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကော်မတီ၏ လုပ်ငန်းစဉ် ၅၂ ချက်ရှိပြီး ယင်းအချက်နှင့် အညီ စိစစ်ဆောင်ရွက်ရာတွင် မူလပိုင်ရှင်ကို ခေါ်ယူတွေ့ဆုံကာ မှန်ကန်ကြောင်း တွေ့ရှိပါက တရားဝင်ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း၊ နစ်နာမှုအတွက် ရသင့်ရထိုက်သည်ကို ရရှိစေမည် ဖြစ်ကြောင်း ဦးစိုးလှိုင်က ဖြည့်စွက်ပြောကြား သည်။

တစ်ရက်တည်းတွင် ဘားအံမြို့နယ်၊ ကျေးရွာအုပ်စု ၃ အုပ်စု၏ မြေဧက (၈၀၀)ကို အကျဉ်းဦးစီးဌာနက ၂၀၀၇-၂၀၀၈က သိမ်းဆည်းထားခြင်းအပေါ် ပြန်လည်ရယူရန် သက်ဆိုင်ရာ အစိုးရထံတွင် (၇)ကြိမ်ထက်မနည်း တင်ပြ တောင်းဆိုခဲ့သော်လည်း မရသဖြင့် မြေယာ သိမ်းဆည်းခံ တောင်သူ ၈၄ဦးက သတင်းစာရှင်းလင်းပွဲကို လှဂဒေါင်းကျေးရွာတွင် ကျင်းပခဲ့သည်။

စောအယ်လ်ဒီ ကရင်ပြည်နယ်

Advertisements
<

Leave a Reply