Advertisements

မော်လမြိုင် နိုဝင်ဘာ

မြေယာနှင့်သဘာဝအရင်းအမြစ်များ ကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၉ ရက်မှ ၂၀ ရက်အထိ နှစ်ရက် တိုင်တိုင် မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်၌ ကျင်းပခဲ့သည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) နှင့် နယ်စပ်အကူအညီပေးရေးညွန့်ပေါင်းအဖွဲ့ (TBC) တို့က မွန်ဒေသတွင် မြေယာနှင့် သဘာဝအရင်းအမြစ်များ ကာကွယ်ရေးအတွက် နည်းလမ်းများထုတ်ဖော်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အရှေ့တောင်တိုင်းဒေသတွင် မြေကိုမူတည်၍ အသက်မွေးဝမ်းကျောင်းသူများသည့်အတွက် လယ်ယာလုပ်ပိုင်ခွင့်နှင့် မြေယာလုပ်ပိုင်ခွင့်တို့သည် အလွန်အရေးပါသည့်အချက်ဖြစ်သည်ဟု TBC မှ မြန်မာအစီအစဉ်မန်နေဂျာ ရော့ကီစိန်ဒွေးကပြောသည်။

“ဒီအချက်တွေကို ဒီမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ သိပြီးတော့မှ ရပ်ရွာလူထုလည်း သိနိုင်ဖို့ အင်မတန်မှ အရေးကြီးတဲ့အခါမှာ မြေယာနှင့်သယံဇာတ အကာအကွယ်ပေးရေးနှင့် ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ဆွေးနွေးတာဖြစ်ပါတယ်” ဟု ၎င်းကဆက်ပြောသည်။

မြေယာမူဝါဒသည် ပြည်ထောင်စုမှ ချမှတ်လိုက်သော မူဝါဒမဖြစ်သင့်ကြောင်း၊ ရိုးရာဓလေ့ထုံးထမ်းပေါ်မူတည်ပြီး ဒေသနှင့် ကိုက်ညီသည့် မြေယာဥပဒေကို မွန်ပြည်နယ်အစိုးရက ရေးဆွဲသင့်သည်ဟု HURFOM မှ အမှုဆောင်ဒါရိုက်တာ နိုင်ကစမွန်ကဆိုသည်။

“နောက်တစ်ခုက သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ထိန်းသိမ်းပိုင်ဆိုင်ခွင့် အရေးကြီးဆုံးပဲ။ ကိုယ့်ရဲ့သယံဇာတကို ကျွန်တော်တို့ပဲထိန်းချင်တယ်။ ဒီမှာရှိတဲ့ အကျိုးအမြတ်အားလုံးကို ကျွန်တော်တို့ ခံစားခွင့်ရှိတယ်” ဟု၎င်းကပြောသည်။

နှစ်ရက်ကြာကျင်းပခဲ့သော ဆွေးနွေးပွဲတွင် မွန်နှင့်ကရင်ပြည်နယ်မှ အရပ်ဘက်အဖွဲ့အစည်းများ၊ မြေယာလှုပ်ရှားသူများ၊ လယ်ယာနှင့် သစ်တောစိုက်ပျိုးသူများ စုစုပေါင်း ၃ဝ ကျော် တက်ရောက်ခဲ့ကြသည်။

တက်ရောက်သူများက မွန်ဒေသ မြေယာမူဝါဒ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂ဝ၁၈) အား လေ့လာဆန်းစစ်ခြင်းနှင့်  မြေယာနှင့် သဘာဝအရင်းအမြစ်များအား ခြိမ်းခြောက်နေသော အကြောင်းအရာများကို ဆွေးနွေးအဖြေရှာခဲ့ကြသည်။

စန္ဒာဉာဏ်

Leave a Reply