မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး

မော်လမြိုင် ဖေဖော်ဝါရီ ၂၀

မြေလွတ် မြေလပ်နှင့် မြေရိုင်းမှာ သက်ဆိုင်ရာ လူကြီးများနှင့် နီးစပ်သည့်သူများ တင်ပြလျှောက်ထားခြင်းဖြင့် ခွင့်ပြုခဲ့သည်မှာ ဒေသခံများနှင့် ပြဿနာဖြစ်ပေါ်စေခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်က ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေး(နဝမနေ့)မှာ မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်

ယင်းကိစ္စနှင့် ပတ်သက်၍ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိရေးအတွက် ခွင့်ပြုဆောင်ရွက်ထားသည့်ကိစ္စနှင့် ပတ်သက်ပြီး မြေပြင်အခြေအနေမှာ လက်တွေ့အသုံးချနိုင်မှု ရှိ မရှိ မွန်ပြည်နယ်လွှတ်တော်မှာ ဖွဲ့စည်းထားသည့် စီမံကိန်း ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီက လေ့လာသုံးသပ်သည့်အခါ ဝန်ကြီးတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းရှိ မရှိ ဆက်စပ်မေးခွန်းမေးမြန်းရာမှာ ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြေလွတ် မြေလတ် မြေရိုင်းမှာ ဒေသခံ နယ်မြေခံ သူတို့နဲ့ နီးစပ်တဲ့ပြည်သူလူထုတွေက လုပ်ကိုင်ဆောင်ရွက်နေပေမယ့် သူတို့ရဲ့ကိုယ်ပိုင် စိုက်ပျိုးခွင့်ရရှိရေးအတွက် ထုတ်လုပ်ခွင့်ရရှိရေးအတွက် အခြေခံဥပဒေမသိပဲနဲ့ တင်ပြလျှောက်ထားနိုင်ခြင်းမရှိပဲနဲ့ သက်ဆိုင်ရာ ပိုပြီးတော့ ဥပဒေနားလည်း ပိုပြီးတော့လူကြီးတွေနဲ့ နီးစပ်ပတ်သက်တဲ့သူတွေက တင်ပြလျှောက်ထားခြင်းအားဖြင့် ဒီလိုမျိုးခွင့်ပြုဆောင်ရွက်ခဲ့ခြင်းဟာ တစ်နည်းအားဖြင့် ဒေသခံတွေနဲ့ ပြဿနာ ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ ဖြစ်ပေါ်စေခဲ့တယ် လေ့လာသုံးသပ်မိတယ်”ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

လုပ်ငန်းဆောင်ရွက်ရန်အတွက် အဆိုပါခွင့်ပြုထားသော မြေလွတ် မြေလပ်နှင့် မြေရိုင်းများသည် လက်တွေ့မြေပြင်အခြေအနေတွင် အသုံးချမှု ရှိ မရှိကို မွန်ပြည်နယ်လွှတ်တော်တွင် ဖွဲ့စည်းထားသည့် စီမံကိန်း ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီက လေ့လာသုံးသပ်ရန် ဆောင်ရွက်သင့်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေး

“ကိုယ်စားလှယ်မေးမြန်းတဲ့မေးခွန်းမှာ မြေပြင်မှာ အမှန်တကယ်လုပ်ဆောင်မှုရှိ မရှိဆိုတဲ့ကိစ္စကို ပြန်လည်စမ်းစစ်မယ့် မည်သည့်အစီအမံမျိုးကို မဆို ကျွန်တော်အနေနဲ့ ပါဝင်ပေါင်းစပ်ပြီးတော့ ပူးပေါင်းဆောင်ရွက်ပေးသွားမယ်”ဟု စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေးက ပြောသည်။

မြေပြင်အခြေအနေမှာ လက်တွေ့အသုံးချမှုရှိ မရှိဆိုသည့်ကိစ္စမှာ လုပ်ငန်းအတွက် အသုံးချမည်ဟု မြေယာရယူထားလိုသည့် အခြေအနေမျိုးမှာ တစ်နိုင်ငံတော်တစ်ခုလုံးတွင် ပေါ်ပေါက်နေသည်မှာ အမှန်ပင်ဖြစ်ပြီး မြေလွတ် မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှု ဗဟိုကော်မတီအနေဖြင့် ယခင်တုန်းက မြေယာရယူထားပြီး အသုံးချနိုင်ခြင်းမရှိသည့် မြေလွတ် မြေလပ်နှင့် မြေရိုင်းဧကမည်မျှရှိသည်ကို မွန်ပြည်နယ်အစိုးရအဖွဲ့ထံ စာရင်းအချက်အလက်တိကျစဝာင် တင်ပြထားပြီးဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေးက ပြောသည်။

“အဲဒီအထဲကမှ ကျွန်တော်တို့ ဆက်လက်ပြီးတော့ ပေးအပ်ထားတာ မသင့်တော့ဘူး လုပ်ငန်းဆောင်ရွက်နိုင်ခြင်းလည်း မရှိတော့တဲ့မြေယာများကိုလည်း ကျွန်တော်တို့ ပြည်လည်သိမ်းဆည်းခဲ့တဲ့ ဧကတွေလည်း ရှိပါတယ်”ဟု ဦးထွန်းဋ္ဌေးက ပြောသည်။

၂၀၁၂ ခုနှစ် မြေလွတ် မြေလပ်နှင့် မြေရိုင်းဥပဒေ ၂၀၁၈ ခုနှစ် မြေလွတ် မြေလပ်နှင့် မြေရိုင်းဥပဒေ ပြန်လည်ပြင်ဆင်သည့်ဥပဒေထွက်ပေါ်လာပြီးဖြစ်သည့်အတွက် လုပ်ကိုင်ဆောင်ရွက်သည့်အခါ ပို၍ အဆင်ပြေလာကြောင်း ဝန်ကြီးက ဆိုသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးခွန်းစုစုပေါင်း (၄၅) ခု မေးမြန်းခြင်း ဖြေကြားခြင်း ဥပဒေကြမ်းတစ်ရပ်အတည်ပြုခြင်း ယာထားချက်တစ်ရပ်အတည်ပြုခြင်း အဆိုတစ်ခုအတည်ပြုခြင်းနှင့် ရေးရာကော်မတီ ဆောင်ရွက်ချက် အစီရင်ခံစာ (၄) ရပ်ကို မှတ်တမ်းတင်ခြင်း ရေးရာကောမတီ (၄) ရပ်ကို အစားထိုးဖွဲ့စည်းခြင်းနှင့် ရေးရာကော်မတီတစ်ရပ်ကို သက်တမ်းတိုးဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

Leave a Reply