Advertisements

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကြောင့်စစ်ပွဲက ရှောင်လွှဲလို့မရတော့အောင် ဖြစ်သွားပြီဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားလိုက်ပြီးနောက် ရုရှားက တွေ့ဆုံ ဆွေးနွေးရေးအတွက် ညှိနှိုင်းပေးမည်ဟု ကမ်းလှမ်းလာသကဲ့သို့ တရုတ်ကလည်း အေးအေးဆေးဆေး ဖြေရှင်းကြရန် ထပ်မံ တိုက်တွန်းခဲ့သည်။

‘သက်ဆိုင်သူအားလုံး အေးအေးဆေးဆေး၊ ထိန်းထိန်းသိမ်းသိမ်းနဲ့ တင်းမာမှုတွေလျှော့ချဖို့နဲ့ တစ်ဖက်နဲ့ တစ်ဖက် ရန်မစဖို့ လုပ်ဆောင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စစ်ဖြစ်လာတာဟာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ နစ်နာမှာကတော့ ပြည်သူတွေပါပဲ’ ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဇန်းဇီဂွမ်သည် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်ဆီတွင် အာရှရေးရာ အကြီးအကဲ မက် ပေါ့တင်ဂါနှင့် တွေ့ကာ မြောက်ကိုရီးယားအရေးနှင့် ကုန်သွယ်ရေးကို ဆွေးနွေးရန် ရှိကြောင်း အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အတူ ရုရှား နိုင်ငံခြားရေးဝန်ကြီး အာဂေး လဗ်နော့ဗ်သည်လည်း မြောက်ကိုရီးယားသည် အမေရိကန်နှင့် တိုက်ရိုက်ဆွေးနွေးလိုသည့် ဆန္ဒရှိနေကြောင်း ပြောဆိုခဲ့သည်။

မြောက်ကိုရီးယား၏ ဆန္ဒကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလာဆန်နှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘လုံခြုံရေးဆိုင်ရာ အာမခံချက်အတွက် မြောက်ကိုရီးယားက အမေရိကန်နဲ့ ဆွေးနွေးလိုနေတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ အဲဒီအတွက် အကူအညီပေးဖို့ အသင့်ပါပဲ။ အဲဒီဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ’ ဟု လဗ်နော့ဗ်က ဆိုသည်။

အမေရိကန်ကတော့ မြောက်ကိုရီးယားအနေဖြင့် နျူလက်နက်များကို စွန့်လွှတ်လိုက်ပါက မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် အသင့်ဖြစ်နေကြောင်း၊ သို့သော် မြောက်ကိုရီးယား၏ ယခုလုပ်ရပ်များက ၎င်းအနေဖြင့် နျူလက်နက်ကို စွန့်လွှတ်ရန် မရှိဟု ဆိုရာ ရောက်နေကြောင်း ပြောဆိုထားသည်။

အမေရိကန် B-1B ဗုံးကြဲလေယာဉ်များသည် တောင်ကိုရီးယား-အမေရိကန် အကြီးစားစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ဒုံးပျံများကို ပစ်ခတ်စမ်းသပ်ပြပြီးနောက်တွင် ယခုကဲ့သို့စစ်ရေးလဲ့ကျင့်ခဲ့ကြခြင်းလည်း ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ စစ်ရေးလေ့ကျင့်မှုများနှင့် အမေရိကန်အရာရှိများ၏ စော်ကားပြောဆိုမှုများက စစ်ကို မလွှဲမရှောင်သာအောင် ဖြစ်စေကြောင်း ပြောဆိုခဲ့သည်။

‘အခု မေးစရာကတော့ စစ်ဘယ်တော့ဖြစ်မှာလဲ ဆိုတာပါပဲ။ ကျွန်တော်တို့ စစ်ကို မလိုလားပါဘူး။ ဒါပေမယ့် စစ်ကိုတော့ ပုန်းရှောင်နေမှာ မဟုတ်ဘူး’ ဟု KCNAသတင်းဌာနတွင် ဖော်ပြထားသော ကြေညာချက်၌ ဝန်ကြီးဌာနက မေးခွန်းထုတ်ထားသည်။

Source: SBS

Advertisements
<

Leave a Reply