ကွာလာလမ်ပူ၊ မတ် ၂ ။ ။ မလေးရှားနိုင်ငံကို ပြည်ဝင်ခွင့် လျှောက်ရန်မလိုဘဲ လာလည်နိုင်သော နိုင်ငံများစာရင်းထဲမှ မြောက်ကိုရီးယား နိုင်ငံကို လုံခြုံရေးအကြောင်းပြချက်ကြောင့် ပယ်ဖျက်လိုက်ကြောင်း မလေးရှား ဒုတိယဝန်ကြီးချုပ် အာမက် ဇာဟစ်ဟမစ်ဒီက ပြောသည်။

မလေးရှားနိုင်ငံတွင် မြောက်ကိုရီးယား ခေါင်းဆောင်၏ အဖေတူ အမေကွဲ အစ်ကိုဖြစ်သူ အသတ်ခံရပြီးနောက် ပူးတွဲတရားခံ ရှာဖွေနေဆဲ ကာလအတွင်း မြောက်ကိုရီးယားအပေါ် ဗီဇာကင်းလွတ်ခွင့် ရုပ်သိမ်းလိုက်ခြင်း ဖြစ်ပြီး အဆိုပါအမိန့်သည် မတ်လ ၆ ရက်နေ့က စတင် သက်ရောက်စေမည်ဖြစ်သည်။

မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီးရဲ့ သားအကြီးဆုံး ကင်ဂျုံနမ်းသည် အလွန် ပြင်းထန်သော VX nerve agent ဓာတုအဆိပ်ဖြင့် ဇန်နဝါရီ ၁၃ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်တွင် လုပ်ကြံခံခဲ့ရသည်။

လက်ရောက် ကျူးလွန်သူအဖြစ် စွပ်စွဲခံထားရသော ဗီယက်နမ်နိုင်ငံသူ ဒွန်သီဟွန်းနှင့် အင်ဒိုနီးရှားနိုင်ငံသူ ဆီတီအေရှာ အမည်ရှိ အမျိုးသမီးနှစ်ယောက်ကို မလေးရှားရဲက လူသတ်မှုနဲ့ တရားဝင်ရုံးတင် အမှုဖွင့် စစ်ဆေးခဲ့သည်။

သေဆုံးရတဲ့ အကြောင်းကို ရင်ခွဲစစ်ဆေးပြီးပြီဖြစ်သော ကင်ဂျုံနမ်းရဲ့ ရုပ်အလောင်းသည် အငြင်းပွားမှုများနှင့် မလေးရှားက ရင်ခွဲရုံ တစ်ခုမှာပဲ ရှိနေဆဲဖြစ်သည်။
မလေးရှားဘက်မှ မျိုးရိုးဗီဇ စစ်ဆေးနိုင်ရန် အနီးစပ်ဆုံး ကျန်ရစ်သူ မိသားစုဝင် တစ်ဦးဦးမှ နမူနာ တစ်ခုခုပေး၍ စစ်ဆေးပြီးမှသာ မိသားစုဆီ အလောင်းကို ပြန်လည် လွှဲအပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

သို့သော် မြောက်ကိုရီးယားက ကင်ဂျုံနမ်းကို ရင်ခွဲစစ်ဆေးမှုအပေါ် အပြင်းအထန် ကန့်ကွက်ခဲ့ပြီး သေသူသည် ယင်းတို့ နိုင်ငံသား တစ်ယောက် ဖြစ်ခြင်းကြောင့် အလောင်းကို လွှဲပေးရန် တောင်းဆိုထားသည်။

အဆိုပါလူသတ်မှု ဖြစ်ပွားပြီးနောက် မလေးရှားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးဟာ တင်းမာနေပြီး မလေးရှားဘက်မှ မြောက်ကိုရီးယားရှိ သံတမန်အဖွဲ့ကိုလည်း ပြန်လည် ခေါ်ယူထားကြောင်း သိရသည်။

Written by – နော်ဘတ်တီဟန်

Ref: Bangkok Post

Leave a Reply