Advertisements

ကျိုတို ဧပြီ ၂၉

မြောက်ကိုရီးယားနိုင်ငံက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့် ဂျပန်နိုင်ငံသားများ အရေးနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကတိပြုခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောသည်။

ထို့ပြင် ခေါင်းဆောင်နှစ်ဦးက နှစ်နိုင်ငံကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက်တစ်ရပ် ထွက်ပေါ်စေရေး အတွက် စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်နှင့် ပူတင်တို့ တွေ့ဆုံပြီး ၂ရက်အကြာတွင် ဂျပန်ဝန်ကြီးချုပ်၏ အမေရိကန်ခရီး စတင်ခဲ့ခြင်းဖြစ်သည်။ လေ့လာသူများက ဂျပန်နှင့် အမေရိကန်ပူးပေါင်းကာ မြောက်ကိုရီးယားနှင့် ၎င်း၏ မဟာမိတ် ရုရှားကို ပခုံးချင်းယှဉ်ဖွယ်ရှိကြောင်း သုံးသပ်ကြသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်တို့သည် ဧပြီ ၂၈ ရက်တွင် အိမ်ဖြူတော်၌ နှစ်နာရီကြာ တွေ့ဆုံပြီး အထက်ပါကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။

ဖမ်းဆီးခံဂျပန်နိုင်ငံသားများအ​ေရးနှင့် ပတ်သက်ပြီး မည်သို့ကိုင်တွယ်ဖြေရှင်းရမလဲဆိုသည့် နည်းလမ်းကောင်းများကို ခေါင်းဆောင်နှစ်ဦးက အသေးစိတ် ဆွေးနွေးခဲ့ကြသည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာသို့ ပြောသည်။

ကိုရီးယားကျွန်းဆွယ်ဒေသအတွင်း နျူကလီးယားလက်နက် ကင်းစင်ပပျောက်ရေးလုပ်ငန်းစဉ်တွင် ဂျပန်နိုင်ငံသည် စိတ်အားထက်သန်ပြီး တက်ကြွသောနိုင်ငံ တစ်နိုင်ငံဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကောက်ချက်ချပြောဆိုသည်။

ဝါရှင်တန်-ပြုံယမ်း ဒုတိယအကြိမ် ထိပ်သီးအစည်း အဝေးတွင် သမ္မတထရန့်နှင့် ခေါင်းဆောင်ကင်တို့ ဆွေးနွေးခဲ့သည့် ဖမ်းဆီးခံဂျပန်နိုင်ငံသားများအေရးနှင့်ပတ်သက်ပြီး အသေးစိတ်ရှင်းပြချက်များကို ရရှိခဲ့ပြီးဖြစ် သည်ဟု ဝန်ကြီးချုပ်အာဘေးက ဆိုသည်။

နောက်ထပ်တစ်ကြိမ်တွင် ၎င်းအနေဖြင့် ခေါင်းဆောင်ကင်နှင့်တွေ့ဆုံကာ အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် အမေရိကန် နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံအား ကူညီထောက်ပံ့ပေးမည် ဖြစ်ပါကြောင်း ဝန်ကြီးချုပ်အာဘေးက ဆိုသည်။

ဂျပန်နိုင်ငံ၏ အိမ်ရှေ့စံမင်းသား ထီးနန်းလွှဲပြောင်း ဆက်ခံယူမည့် ဘုရင်အုပ်ချုပ်မှုစနစ်သစ် အခါသမယတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂျပန်နိုင်ငံသို့ ပထမဆုံးဧည့်သည်တော်အဖြစ် အလည်အပတ်လာရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံ ရင်းနှီးဖော်ရွေမှုကို တိုးတက်ကောင်းမွန်စေပြီး ကမ္ဘာ့ရေးရာ ကိစ္စရပ်များကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည် ဆိုသည်ကို ထင်သာမြင်သာရှိစေပါကြောင်း ဝန်ကြီးချုပ် အာဘေးက ပြောသည်။

Ref: CNN

Leave a Reply