ရန်ကုန် ၊ ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် ကန့်သတ်စစ်ဆင်နွှဲနေသည်ဟု ကြေညာထားသော မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ နှင့် DKBA ခွဲထွက် အဖွဲ့ တို့အကြား ပူးပေါင်းလှုပ်ရှားမှု များ ပြုလုပ်ရန် သဘောတူညီထား ကြောင်း တအောင်းလက်နက်ကိုင်အဖွဲ့ (TNLA) အတွင်းရေးမှူး ဗိုလ်မှူးကြီးတာဘုန်းကျော် ကပြောကြားသည်။

DKBA ခွဲထွက် အဖွဲ့ သည် အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် မူလဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA မှ ထုတ်ပယ်ခံရသည့် ဗိုလ်မှူးစောဆန်းအောင်အပါအဝင် တပ်မှူးဟောင်းအချို့ ပြန်လည် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကရင်ပြည်နယ် မဲသဝေါဒေသတွင် တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

 

15665640_1794556494135549_5738711007753407525_n

          DKBA ခွဲထွက်အဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီးစောဆန်းအောင်နှင့် ကိုးကန့်လက်နက်ကိုင်                        အဖွဲ့(MNDAA) ခေါင်းဆောင် ဖုန်ကြားရှင်တို့ အတူယှဉ်တွဲ တွေ့ရသည့် ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်စာမျက်နှာ              Facebook တွင် ပြန့်နှံ့လျက်ရှိသည်။

 

 

လက်ရှိ တပ်မတော် အခြေစိုက် တပ်စခန်းများကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ကချင်(KIA)၊ တအောင်း(TNLA)၊ ကိုးကန့်(MNDAA)၊ ရခိုင်(AA) လက်နက်ကိုင်အဖွဲ့များ နှင့် DKBA ခွဲထွက် အဖွဲ့တို့ မကြာသေးမီ ရက်ပိုင်းအတွင်း မိုင်းလားနယ်မြေတွင် တွေ့ဆုံခဲ့ကြောင်း ဗိုလ်မှူးကြီးတာဘုန်းကျော်က ပြောကြားသည်။

“ဗိုလ်မှူးကြီးစောဆန်းအောင်တို့က ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကိုတော့ အကြမ်းဖျဉ်းတော့သိရပါတယ်။ ဘယ်လိုပုံစံမျိုးပူးပေါင်းဆောင်ရွက်သွားမလဲ ဘယ်လိုစီစဉ်သွားမလဲဆိုတာကတော့ အသေးစိတ်တော့မသိရသေးဘူး” ဟု ၎င်းကဆက်ပြောသည်။

အလားတူ ဘဝတူတိုင်းရင်းသားအချင်းချင်း ညီညွတ်စွာဘုံရန်သူကို တိုက်ခိုက်ရန်လိုအပ်သည်ဆိုသည့် သမိုင်းပေးအသိတို့အား အခြေခံလျက် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ(KIA၊ MNDAA၊ TNLA။ AA) တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းသွားမည်ဟု ဖော်ပြထားသည့် ကြေညာချက် တစ်စောင်ကို ယခုလ(၁၉)ရက်နေ့တွင် တိုးတတ်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA) အမည်ဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်နှင့် ပက်သက်၍ ဟင်္သာမီဒီယာက DKBA ခွဲထွက်အဖွဲ့ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှုမရရှိသေးပေ။

Leave a Reply