Advertisements

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့အကြား နှစ်လနီးပါးကြာအောင် မဖြစ်မြောက်သေးသည့် တွေ့ဆုံဆွေးနွေးပွဲကို မိုင်းလားငြိမ်းချမ်းရေးပွဲတွင် ကျင်းပဖြစ်ဖို့ရာမြောက်ပိုင်းလေးဖွဲ့ဘက်မှ အဆင့်သင့်မဖြစ်သေးကြောင်း မိုင်းလားသို့ရောက်ရှိနေသည့် ရက္ခိုင့်တပ်တော် AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ယမန်နေ့ကပြောသည်။

ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပမည့် ရှမ်းပြည်နယ် အရှေ့ပိုင်းအထူးဒေသ (၄) မိုင်းလားအဖွဲ့၏ ငြိမ်းချမ်းရေးတည်ထောင်မှု နှစ် ၃၀ ပြည့်ပွဲကို မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့KIA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA၊တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့အပြင် အစိုးရကိုယ်စားလှယ်များလည်း တက်ရောက်ရန် ရောက်ရှိနေကြသည်။

အစိုးရနှင့်မြောက်ပိုင်းလေးဖွဲ့တို့အကြား မိုင်းလားတွင်တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ကြားဝင်ညှိနှိုင်းပေးသူများကလည်း ကမ်းလှမ်းနေသည်ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။

“တကယ်လို့ တွေ့ဖြစ်ရင်လည်း အလွတ်သဘောဆိုတာထက် လက်ဖက်ရည်ကြမ်းသောက်ရင်း နည်းနည်းပါးပါးပြောတဲ့ ပုံစံမျိုးလောက်ပဲရှိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

မိုင်းလားဆွေးနွေးပွဲသို့ KIA ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လာသော်လည်း ဆွေးနွေးမည့် ပုဂ္ဂိုလ်များ မပါဝင်လာသည့်အတွက် မြောက်ပိုင်း လေးဖွဲ့အနေဖြင့် အစိုးရနှင့် တွေ့ဆုံရန် အဆင်သင့်မဖြစ်နိုင်သေးကြောင်း ဒေါက်တာညိုထွန်းအောင်က ဆက်လက်ပြောသည်။

အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၏ ငြိမ်းချမ်းရေးတည်ထောင်မှု နှစ် ၃၀ ပြည့်ပွဲကိုတက်ရောက်ရန်အတွက် အစိုးရအဖွဲ့ ကိုယ်စားလှယ်များဖြစ်သည့် ဦးလှမောင်ရွှေ၊ ဦးခင်ဇော်ဦး၊ ဦးသိန်းဇော်တို့ ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် မိုင်းလားမြို့သို့ ရောက်ရှိသည်။

မြောက်ပိုင်းလေးဖွဲ့အဖွဲ့ဝင်များဖြစ်သည့် တအာင်းလက်နက်ကိုင်အဖွဲ့နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့မှ ကိုယ်စားလှယ်များလည်းယနေ့တွင် မိုင်းလားသို့ရောက်ရှိလာသည်။

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မြောက်ပိုင်း လေးဖွဲ့တို့အကြား ဧပြီလ ၃၀ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး မေလ ဒုတိယပတ်တွင် ပြန်လည်တွေ့ဆုံရန် ချိန်းဆိုခဲ့သော်လည်း တွေ့ဆုံမည့်နေရာကို ညှိနှိုင်းမရသောကြောင့် ယခုအချိန်အထိ မတွေ့ဆုံနိုင်သေးပေ။

ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်ခံဘဝမှ ခွဲထွက်ပြီး စစ်အစိုးရနှင့် ၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ငြိမ်းချမ်းရေးရယူခဲ့သည့်NDAA သည် မိုင်းလားမြို့၌ ဗဟိုဌာနချုပ်ဖွင့်လှစ်ထားသည်။

Leave a Reply