Advertisements

ရန်ကုန် ၊ နိုဝင်ဘာ ၁၅။

မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် အဖွဲ့ (၇) ဖွဲ့ မှ စုဖွဲ့ တည်ထောင် ထားသော FPNCC ၏ ငြိမ်းချမ်းရေး မူဝါဒ အတိုင်းသာ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေး သွားမည် ဖြစ်ကြောင်း “ဝ” တပ်ဖွဲ့ UWSA က အစိုးရ ကိုယ်စားလှယ် အဖွဲ့အား အကြောင်းပြန် လိုက်သည်ဟု “ဝ” အဖွဲ့၏ ပြင်ပဆက်ဆံရေး ဌာန တာဝန်ရှိသူ လည်းဖြစ် လားရှိုး ဆက်ဆံရေးရုံး ဒုတိယ တာဝန်ခံ ဦးညီရမ်းက ပြောသည်။

“ငြိမ်းချမ်းရေးနဲ့ ပက်သက်ပြီး FPNCC ရဲ့ မူဝါဒ အတိုင်းပဲ ကျွန်တော်တို့က ရပ်တည်တဲ့ အကြောင်း ခေါင်းဆောင်ကြီး တွေက အကြောင်းပြန် လိုက်တယ်” ဟု ဦးညီရမ်းက ပြောသည်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့၏ ငြိမ်းချမ်းရေး မူဝါဒ လမ်းစဉ်သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအား လက်မှတ် ရေးထိုးခြင်း မရှိပဲ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးသို့ တိုက်ရိုက် သွားရောက်မည့် မူဝါဒ ဖြစ်သည်။

“ဝ” အဖွဲ့က အထက်ပါ မူဝါဒ အတိုင်း ရပ်တည် မည်ဟု ဆိုလိုက်ကာ “ဝ” ပြည် သွေးစည်းညီညွတ်ရေး ပါတီ ဒုဥက္ကဋ္ဌ ဦးရှောက်မင်လျန်မှ “ဝ” အဖွဲ့ အနေဖြင့် ပြည်ထောင်စုမှ ဘယ်တော့မှ ခွဲထွက် သွားမည် မဟုတ်ကြောင်း ကတိပေး ပြောကြား ခဲ့သည် ဟုလည်း ဦးညီရမ်းက ဆိုပါသည်။

နှစ်ဖက် တွေ့ဆုံ ခဲ့ကြစဉ် “ဝ” အဖွဲ့ တာဝန်ရှိသူ များအား နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့၏ မှာကြား လိုက်သည့် စကား များကို တင်ပြ ခဲ့ကြောင်းနှင့် နယ်မြေ ဖွံ့ဖြိုးရေး အပါအဝင် အချက် (၇) ချက်အား ဆွေးနွေး ခဲ့ကြောင်း “ဝ” အဖွဲ့မှ သတင်း ထုတ်ပြန် ထားသည်။

“ဝ” တပ်ဖွဲ့က အစိုးရ တာဝန်ရှိသူ များအား “ဝ” ပြည်နယ် အတွင်း လမ်းပန်း ဆက်သွယ်ရေး ပိုမို ကောင်းမွန် စေရန် လမ်းသစ်များ ဖောက်နိုင်ရန် အတွက် နိုင်ငံတော်မှ လမ်းခင်း ကတ္တရာများ ပံ့ပိုး ပေးရန် ၊ လျှပ်စစ်မီး တိုးတက် ထုတ်လုပ် နိုင်ရန် အတွက် မိုင်းမောခရိုင် မန်တွန်း မြို့နယ်တွင် ကီလိုဝပ် ၆ သောင်း ထုတ်လုပ် နိုင်သော ရေအား လျှပ်စစ် စက်ရုံ တည်ဆောက် နိုင်ရေး ခွင့်ပြုပေးရန်၊ “ဝ” ပြည်နယ်ရှိ ကျောင်းသား လူငယ်များ လားရှိုး၊ မန္တလေး၊ ရန်ကုန်သို့ ပညာသင် ကြားနိုင်ရန် အတွက် နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ ပြုလုပ် ပေးနိုင်ရန် တင်ပြ ခဲ့ကြောင်း “ဝ” အဖွဲ့မှ ထုတ်ပြန် ချက်တွင် ပါရှိသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် “ဝ” လက်နက်ကိုင် အဖွဲ့ ဌာနချုပ် ပန်ဆန်းသို့ နယ်စပ်ရေးရာ ဝန်ကြီး ဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေး
ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး၊ ငြိမ်းချမ်းရေး ကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့ ပါဝင်၍ သွားရောက် တွေ့ဆုံ ခဲ့စဉ် “ဝ” အဖွဲ့မှ အထက်ပါ အတိုင်း အကြောင်းပြန် ခဲ့ခြင်း ဖြစ်သည်။

အစိုးရ တာဝန်ရှိသူ များမှ “ဝ” အဖွဲ့အား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA ကို လက်မှတ် ရေးထိုးရန် တိုက်တွန်း သော်လည်း ၎င်းတို့ကမူ
မြောက်ပိုင်း မဟာမိတ် အဖွဲ့ FPNCC ၏ မူအတိုင်းသာ ရပ်တည်မည် ဖြစ်ကြောင်း အခိုင်အမာ တုံ့ပြန် ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက် ခဲ့သည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် နှစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား၌မူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်ကိုင် အဖွဲ့အားလုံး NCA စာချုပ်အား လက်မှတ် ရေးထိုး ရမည်ဟု ထုတ်ဖော် ပြောကြား ထားခဲ့သည်။

written by – ဆုမင်းကို

Advertisements
<

Leave a Reply