မြောက်ဦးနှင့် ကျောက်တော်အကြား တိုက်ပွဲဖြစ်ပွား၍ ထိခိုက်ကျဆုံးမှုများရှိ
ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးနှင့် ကျောက်တော်မြို့နယ်အကြား လင်းမြွေတောင်အနီးတွင် ယနေ့မနက်အစောပိုင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုများရှိကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်ဇော်ဦးက ယနေ့ (သြဂုတ် ၂၈) ပြောဆိုသည်။

လင်းမြွေတောင်အနီးတွင် လမ်း၊ တံတားများ လုံခြုံရေးယူထားသည့် တပ်မတော်စစ်ကြောင်းကို AA က အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်က သတင်းကြိုတင် ရရှိထားသည့်အတွက် ကာကွယ်နိုင်ခဲ့ပြီး AA တပ်ဖွဲ့ဝင်များ အထိအခိုက်များစွာနှင့် ဆုတ်ခွာသွားကြောင်း ၄င်း၏အဆိုအရ သိရသည်။

“AA ဘက်က တော်တော်ကျသွားတယ်လို့ ပြောတယ်။ ဘယ်လောက်ကျလဲဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

AA ပြောခွင့်ရ ခိုင်သုခကမူ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြင်းထန်သည့်အတွက် နှစ်ဖက်ထိခိုက် ကျဆုံးမှုများရှိသည်ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာတစ်ဝိုက်ဖြစ်သည့် မြောက်ဦးနှင့် ကျောက်တော်အကြား ပြည်ထောင်စုလမ်းပိုင်းတစ်ချို့ကို ခရီးသွားများလုံခြုံရေးအတွက် ယာယီပိတ်ထားသည်ဟုလည်း ၄င်းကဆက်ပြောသည်။

“အခုတပ်ဘက်က စစ်ကူတွေလည်း ထပ်လာနေတဲ့အတွက် အဲဒီလမ်းပိုင်းနားမှာ တိုက်ပွဲတွေထပ်ဖြစ်လာတဲ့ အနေအထား အများကြီးရှိပါတယ်” ဟု ခိုင်သုခက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးဆုံးတွင်ရှိသည့် မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦး လက်နက်ကြီးအစ ထိမှန်ပြီး ဒဏ်ရာရသွားကြောင်းကို ဒေသခံများမှတစ်ဆင့် သိရသည်ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွတ်တော်အမတ် ဦးထွန်းသာစိန်က ပြောသည်။

“ဒေသခံတွေဆီက ကြားရသလောက်ပဲ ရှိသေးတယ် အတိအကျကို မပြောနိုင်သေးဘူးဆိုတာက သူတို့ကလည်း ဖုန်းဆက်မလာသေးဘူး” ဟု ဦးထွန်းသာစိန်က ပြောသည်။

ယနေ့မနက် ၄ နာရီခန့်ကတည်းက တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး နေ့လယ် ၃ နာရီခန့်အထိ သေနတ်သံများနှင့် လက်နက်ကြီးသံများကို ကြားနေရသေးကြောင်း ၄င်းက ဆက်လက်ပြောသည်။

ယမန်နေ့ညက တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားမှု ၃ ကြိမ်ထက်မနည်း ရှိခဲ့သလို ယနေ့မနက်က ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာရွာ၏ အရှေ့ဘက်တွင်လည်း တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသခံများကပြောသည်။

သြဂုတ် ၁၅ ရက်က ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်များရှိ နေရာ ၅ ခုကို တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး တစ်ချိန်တည်းတွင် ရခိုင်မြောက်ပိုင်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော် AA ၏ ထုတ်ပြန်ချက်အရ ယမန်နေ့(သြဂုတ် ၂၇)ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့တို့အကြား တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဆိုသည်။

စစ်ဘေးရှောင်များအရေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေသည့် စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ သြဂုတ် ၁၉ ရက် အချက်အလက်များအရ ရခိုင်မြောက်ပိုင်း မြို့နယ် ၈ မြို့နယ်မှ စစ်ဘေးရှောင်စုစုပေါင်း ခြောက်သောင်းကျော်အထိ ရောက်ရှိနေပြီဖြစ်သည်။

Leave a Reply