မြောက်ဦးမြို့တွင်း တစ်နေရာကို ၂၀၁၃ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

16/03/2019

စစ်တွေ – ရခိုင်ပြည်နယ် မြောက်ဦးမြို့အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ကျောက်ရစ်ကေ ရပ်ကွက်နေ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ကျည်စထိမှန်သဖြင့် မြောက်ဦးမြို့ပြည်သူ့ဆေးရုံသို့ တင်ထားရသည်။

ဒဏ်ရာရသူမှာ ဒေါ်ခင်ခင်သိန်းဆိုသူဖြစ်ပြီး ညာဘက်ခါးတွင် ကျည်ဆထိမှန်ခြင်းဖြစ်သည်ဟု ၎င်း၏သား ကိုအောင်နိုင်ဌေးက ပြောသည်။

“သတိလည်းရတယ်။ စကားလည်းပြောနိုင်ပါတယ်။ ဒဏ်ရာကိုတော့ ဓာတ်မှန်ရိုက်ထားတဲ့ အတွက် မသိရသေးပါဘူး။ လက်နက်ကြီးတစ်လုံး၊ နှစ်လုံးပစ်တာ။ သေနတ်ဖောက်တာကတော့ နာရီဝက် လောက်ပါ” ဟု ကိုအောင်နိုင်ဌေးက ပြောသည်။

မနေ့ကပစ်ခတ်မှုတွင် ကျောက်ရစ်ကေ၊ ကြက်ဈေး၊ မဟိန်ကျီစသည့်ရပ်ကွက်များရှိ လူနေအိမ်တချို့သို့ ကျည်ဆံများ ကျရောက်ခြင်း ၊ မြောက်ဦး သမိုင်းဝင် ရှေးဟောင်းစေတီဖြစ်သော သျှစ်သောင်းပုထိုးတော်ရှေ့တွင်လည်း လက်နက်ကြီး ကျည်ဆံတစ်လုံးကျရောက်ခြင်းများရှိခဲ့သည်ဟုသိရသည်။

မြောက်ဦးမြို့၏တိုးချဲ့မြို့သစ်တစ်ခုဖြစ်သော ထမ္မရာဇ်မြို့သစ်အနီးတွင်လည်း လက်နက်ကြီးများ ကျရောက်ခဲ့ပြီး ယခုအချိန်ထိမပေါက်ကွဲသေးသောလက်နက်ကြီးကျည်တချို့ရှိသည် ဟု မြောက်ဦးမြို့ ရခိုင်အမျိုးသားပါတီမှ အတွင်းရေးမှူး ဦးထွန်းနေဝင်းက ပြောသည်။

ယခုနှစ်ဆန်းပိုင်မှ စတင်ကာ မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲများပိုမိုပြင်းထန်လာပြီး ထောင်ပေါင်းများစွာသော အရပ်သားများသည် နေရပ်စွန့်ခွာကာ ဘေးလွတ်ရာတွင် ရှောင်ပုန်းနေရသည်။

By ကျော်လင်း/Myanmar Now

မြောက်ဦးမြို့တွင်း တစ်နေရာကို ၂၀၁၃ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ – ဆွေဝင်း/Myanmar Now)

Leave a Reply