Advertisements

ပန်လှအောင် (မြစ်မခ)

မင်းပြား၊ အောင်တိုဘာ ၁၀ ရက်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ကိုးသောင်းပုထိုးတော်သို့ သွားရာလမ်းပိုင်းမှာ လမ်းပျက်စီးနေခြင်းကြောင့် ဘုရားဖူးခရီးသည်များ သွားရောက်ရန် အခက်အခဲများဖြစ်ပွားနေသဖြင့် ပြန်လည်ပြုပြင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

မြောက်ဦးမြို့နယ်ရှိ ကိုးသောင်းပုထိုးတော်သို့ နေ့စဉ်ဘုရားဖူးခရီးသည်များ လာရောက်နေသော်လည်း ကိုးသောင်းပုထိုးတော်သို့သွားရာ မြောက်ဦး-ပိုးဖြူကျွန်းလမ်းမှာ ပျက်စီးနေသဖြင့် ပြန်လည်ပြုပြင်ရန်လို အပ်နေကြောင်း သိရသည်။

“ဆိုင်ကယ်ကယ်ရီသမားတွေလည်း ကိုးသောင်းဘုရားကိုတော့မသွားဘူးလို့ တခါတည်းငြင်းကြတယ်။ လမ်းက လမ်းနဲ့မတူအောင် ဆိုးလွန်းတယ်။ လမ်းကရေအိုင်နဲ့ ဗွတ်တွေချည်းပါပဲ။ သွားလို့လည်း အဆင်မပြေပါဘူး။ ဘုရားဖူးတွေအတွက် ဒီလမ်းပိုင်းလေးကိုကောင်းအောင်တော့ လုပ်ပေးစေချင်ပါတယ်။ တချို့ဆို မြောက်ဦးမှာ ဘုရားစုံဖူးချင်ပေမယ့် ကိုးသောင်းကို မရောက်ဖြစ်ကြတာများတယ်။”ဟု ပေါက်တောမြို့နယ်မှ ဘုရားဖူး ဧည်သည့် ဦးမြင့်ကျော်က ပြောသည်။

မြောက်ဦးမြို့မှ ကိုးသောင်းပုထိုးတော်သို့ (၁)မိုင်ကျော်ကွာဝေးပြီး မြေသားလမ်းဖြစ်ကြောင်းကာ မြောက်ဦး-ပိုးဖြူကျွန်းလမ်းတလျှောက်တွင် ရှေးရခိုင်သမိုင်းဝင်ဘုရားစေတီများနှင့် ပန်းမြောင်းတိုက်နယ်ကျေးရွာကြီး တည်ရှိသဖြင့် အသွားအလာများသော လမ်းဖြစ်ကြောင်း သိရသည်။

“ကိုးသောင်းဘုရားက လမ်းမကောင်းတာကြောင့် ဘုရားဖူးလာတဲ့သူတွေ နည်းသွားတယ်။ လူငယ်တွေပဲ အလာများပါတယ်။ လွန်ခဲ့တဲ့လက အခုထက်ဆိုးတာထက်ကို ပိုဆိုးတယ်။ (၂)နှစ်လောက်ရှိပါပြီ။ ရခိုင်ပြည်နယ်ရဲ့ အထင်ကရစေတီကြီးတစ်ဆူဖြစ်တဲ့အတွက် ဒီလမ်းပိုင်းကိုတော့ ကောင်းအောင်လုပ်ပေးစေ ချင်ပါတယ်။”ဟု ကိုးသောင်းဘုရာဝင်းတွင် ဈေးရောင်းချနေသည့် ဈေးသည် တစ်ဦးက ပြောသည်။

အဆိုပါ ကိုးသောင်းဘုရားလမ်းပြုပြင်ရေး ၂၀၁၇-၂၀၁၈ ဘဏ္ဍရေးနှစ်အတွက် ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူထားကာ လမ်းအကျယ်(၁၂)ပေ၊ ပေ(၆၅၀၀)ကို ကတ္ထရာခင်းမည်ဖြစ်ပြီး လာမည့်ဆောင်းတွင်းပွင့်လင်းရာသီတွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ကိုးသောင်းဘုရားမှာ မြောက်ဦးမြို့၏ အရှေ့ဖက်တစ်မိုင်ကျော်အကွောတွင်တည်ရှိပြီး ရခိုင်ဘုရင် မင်း ဗာကြီး၏သား မင်းတိက္ခာနန်းတတ်ပြီးနောက် မမာမကျန်းဖြစ်လာသဖြင့် ခရစ်သက္ကရာဇ် (၁၅၅၃)ခုနှစ် တွင် ဓာတ်တော်မွေတော်ပေါင်း(၉)သောင်းအား ဌာပနာထည့်၍တည်ထားခဲ့သော ပုထိုးတော်ဖြစ်ကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply