Advertisements

မြောက်ဦး၊ အောက်တိုဘာ ၄ ရက်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အား သန့်ရှင်းသာယာလှပသော ရှေးဟောင်းမြို့တော်ဖြစ်ရေး စီစဉ်ဆောင်ရွက်နေကြောင်း မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရှိရသည်။

မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ပြည်ထောင်စုအစိုးရက ဆောင်ရွက်လျှက်ရှိ နေပြီး မြောက်ဦးမြို့  သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်ရေးကို လက်ရှိတွင် ဦးစားပေး ဆောင်ရွက်နေကြောင်း သိရသည်။

”ယူနက်စကိုဝင်ဖို့အတွက် ပုံမှန်အတိုင်းဆောင်ရွက်နေပါတယ်။ စစ်တမ်းကောက်ယူတာကို လတိုင်းလုပ်နေပါ တယ်။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က သန့်ရှင်းသာယာလှပသော ရှေးဟောင်းမြို့တော်ဖြစ်ရေးပါ။ အဲဒီအတွက် စီစဉ်ဆောင်ရွက်နေကြတယ်။”ဟု မြောက်ဦး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညိမ်းလွင်က ပြောသည်။

မြောက်ဦးမြို့ဟောင်း၏ ရေသွင်းရေထုတ်စနစ်နှင့် တောင်တန်းများကို အခြေပြုထားသည့် ခံတပ်မြို့အဖြစ်တည် ဆောက်မှုအပါအဝင် မြောက်ဦးနန်းတော် မြို့ရိုးအထပ်ထပ်တို့ကို ယူနစ်စကိုသို့ပေးပို့ရာတွင် ထည့်သွင်းရေးဆွဲရန် သမိုင်းပညာရှင်များက အကြံပြုထားကြောင်း သိရသည်။

”မြောက်ဦးသန့်ရှင်းသာယာလှပရေးအတွက် လုပ်ငန်းကိုစပြီးတော့မှ တစ်အိမ်တက်ဆင်းပညာပေးလုပ်ငန်းတွေ လုပ်နေတယ်။ အဲဒီပညာပေးလုပ်ငန်းလုပ်ဖို့ လူပေါင်း (၄၂)ယောက်ကိုရွေးထားတယ်။ တစ်ရက်၊ တစ်ရက်ကိုမြောက်ဦးမြို့မှာ အမှိုက်တန်ဘယ်လောက်ထွက်လဲ၊ အဲဒီအတွက် ကုန်ကျစရိတ်ဘယ်လောက်ရှိမလဲ။ အမှိုက်ထွက်တာကို ဘယ်လိုလျှော့ချရင်ကောင်းမလဲဆိုတဲ့ အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကို အခုလုပ်နေကြ တယ်။”ဟု မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောသည်။

မြောက်ဦးမြို့ကို ရခိုင်ဘုရင် မင်းစောမွန်သည် အေဒီ ၁၄၃၀ ခုနှစ်တွင် စတင်ကာ ခံတပ်မြို့အဖြစ် တည်ဆောက် ခဲ့ပြီး မင်းဗာဘုရင်က ကြီးကျယ်ခမ်းနားအောင် သဲကျောက်များဖြင့် အခိုင်အမာ ထပ်မံတည်ဆောက်ခဲ့ကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply