မော်လမြိုင်၊ အောက်တိုဘာ ။ ။ မွန်အမျိုးသားကွန်းဖရင့် ဆုံးဖြတ်ချက်အရ မွန်လူထု တစ်သံတည်းထွက်ပေါ်စေရန် စစ်မှန်သော ဖက်ဒရယ်
မူဝါဒ ရေးဆွဲရာတွင် ပါဝင်နိုင်ရေး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မဆုံးဖြတ်ရသေးကြောင်း အဆိုပါ
ပါတီ အတွင်းရေးမှူး နိုင်စံတင်က ဟင်္သာမီဒီယာသို့ပြောကြားသည်။

mon-party

“ဒီကိစ္စကို ကျွန်တော်တို့ဘက်က မဆုံးဖြတ်ရသေးပါဘူး၊ မကြာမီ အစည်းအဝေး လုပ်ပြီးမှ အကြောင်းပြန်သွားမယ်၊ အစည်းအဝေးက ဘယ်တော့လဲ သေချာမသိသေးဘူး”ဟု ၎င်းကဆိုသည်။

မွန် အမျိုးသား ကွန်းဖရင့်တွင် မွန်နိုင်ငံရေးပါတီများ၊ မွန် အရပ်ဘက် အဖွဲ့အစည်းများ၊ ရဟန်းသံဃာတော်
များ၊ ပညာရှင်များ စုပေါင်းပြီး မွန်ပြည်နယ် လူထု အခြေပြုသည့် ဖက်ဒရယ်မူဝါဒ ရေးဆွဲရန် သဘောတူညီ
မှုရရှိခဲ့ကြောင်း အဆိုပါ ကွန်းဖရင့်အရ သိရသည်။

ယင်းကိစ္စကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဖက်ဒရယ် မူဝါဒ ညှိနှိုင်းရေးကော်မတီကို
စက်တင်ဘာလ ၁၅ရက်နေ့ နောက်ဆုံးထား၍ ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြားသည်။

ယင်းကော်မတီတွင် မွန်ပြည်သစ်ပါတီ ၄ ဦး၊ မွန်အမျိုးသားပါတီ ၄ ဦး၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ ၄ ဦးပါမည်ဖြစ်ပြီး သံဃာအဖွဲ့အစည်းများမှ ၃ ပါး၊ မွန်လူမှုအဖွဲ့အစည်းများမှ ၃ ဦး၊ မျိုးချစ်ပုဂ္ဂိုလ်နှင့် ပညာရှင် ၃ ဦးတို့ ပါဝင်မည်ဖြစ်ကြောင်း မွန်အမျိုးသားကွန်းဖရင့် ဆုံးဖြတ်ချက်အရ သိရသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သံဃာတော်တွေ၊ လူမှုအဖွဲ့အစည်းတွေကလည်း မေးမြန်းနေတာတွေ များနေ တယ်၊ နိုင်ငံရေးပါတီအချို့နဲ့ မွန်လူမှုအဖွဲ့အစည်းတွေအားလုံးက ကိုယ်စားလှယ်စာရင်းတွေ ပေးပို့ထားကုန်ပြီး AMDP ပါတီက ကိုယ်စားလှယ်စာရင်းပေးပို့ဖို့ ကျန်နေတယ်၊ တွေ့ဆုံဆွေးနွေးဖို့ ချိန်းထားတဲ့နေ့ရက်တွေလည်း ကျော်သွားပြီး အကောင်အထည်ဖော်ဖို့ စလို့မရသေးဘူး”ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
နိုင်ဝင်းလှက ရှင်းပြသည်။

ဖက်ဒရယ်မူညှိနှိုင်းရေးကော်မတီက စက်တင်ဘာလ ၁၅ ရက်နေ့တွင်တွေ့ဆုံရန် စီစဉ်ထားခဲ့သော်လည်း အားလုံးပါဝင်မှုမရှိသေးသည့်အတွက် လတ်တလောတွင် အကောင်အထည်ဖော်လုပ်ဆောင်ရန် မဖြစ်နိုင်သေးကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်က ရှင်းပြသည်။

“အခြားမူတွေကိုလည်း ချမှတ်ဖို့အများကြီးကျန်နေသေးတယ်။ အမြင်သဘောထားတွေလည်း ပြန်လည်ညှိနှိုင်း ဖို့ အများကြီးလိုသေးတယ်။ အဲဒါကြောင့် ဖက်ဒရယ်မူ ညှိနှိုင်းရေးအဖွဲ့ တစ်ဖွဲ့ဖွဲ့စည်းလိုက်တယ်”ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ဆိုသည်။

ဖက်ဒရယ်မူညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းရေးအပြင် မွန်လူထုတို့၏ နိုင်ငံရေးအင်အားကို အရှိန်မြှင့်တင်ရန်နှင့် မွန်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန်အတွက် မွန်အမျိုးသား စည်းလုံးညီညွတ်ရေး ကော်မတီ ကိုလည်း ဖွဲ့စည်းရန် မွန်အမျိုးသားကွန်ဖရင့်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖက်ဒရယ်မူဝါဒ ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းရန် ကြာအင်းဆိတ်ကြီးမြို့နယ်၊ တောင်ပေါက်ကျေးရွာ အုပ်စု၊ ပေါလောကုန်းရွာတွင် သြဂုတ်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပခဲ့သည့် မွန်အမျိုးသားကွန်ဖရင့် တတိယနေ့အစီအစဉ်၌ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Leave a Reply