ဒီတစ်ပတ်အတွက် ဟင်္သာမီဒီယာရဲ့ အနုပညာကဏ္ဍမှာတော့ ဂစ်တာပညာသင်ကြားလိုသူတွေအတွက် မွန်ဂီတသမားတွေဖွင့်လှစ်ထားတဲ့ ဂစ်တာသင်တန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုပါတယ်။

mon band

မွန် ဂီတသမား တွေဖြစ်တဲ့ တေးသံရှင် သူရိယမာဉ်၊ Star ၊ ဝဏ္ဏ နှင့် ဂစ်တာသမားတစ်ဦးဖြစ်သူ ထောရော့ဒ်တို့ပူးပေါင်းပြီးတော့ သြဂုတ်လ ၃ ရက်နေ့က စတင်လို့ မော်လမြိုင်နှင့် သံဖြူဇရပ်မြို့တို့မှာ ဂစ်တာသင်တန်းတွေ ဖွင့်လှစ်ခဲ့ပါတယ်။

ဂစ်တာတီးခတ်ခြင်းအပါအဝင် ဂီတနှင့်ပတ်သက်တာတွေကို လူငယ်တွေ စနစ်တကျလေ့လာသင်ယူပြီး သေချာတတ်မြောက်နိုင်ရန် ဒီသင်တန်းတွေ ဖွင့်လှစ်ခဲ့တာပါလို့ သင်တန်းဖွင့်လှစ်ထားသူတွေထံက သိရပါတယ်။

“ဘာကြောင့် ဒီသင်တန်းကို ဖွင့်လဲဆိုတာ ကိုယ်တတ်ထားတဲ့အရာတွေကို လူငယ်တွေကို တတ်စေချင်လို့ပါ။ အခုမြင်တွေ့နေရတာက ဂစ်တာတီးခတ်နေတဲ့လူတွေက များတယ်။ ဒါပေမယ့် သေသေချာချာ တီးတတ်တဲ့လူတော့ နည်းတယ်။ သူတို့ကို သေသေချာချာကို တတ်စေချင်တယ် ” လို့ က သင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ကို တေးသံရှင် သူရိယမာဉ် က ပြောပါတယ်။

အဲဒီအတွက် သင်တန်းမှာ သင်ကြာပေးမယ့် ဂီတသမားလေးဦး အချင်းချင်းတွေ့ဆုံပြီး သင်တန်ဆရာများက ကိုယ်အစွမ်းအစရှိသည့်ဘက်က တာဝန်ယူထားကြတယ်လို့ လည်း မွန်ဂီတလောကမှာ အောင်မြင်မှုရနေတဲ့ တေးသံရှင်တစ်ဦးဖြစ်သူ ၎င်းက ထပ်လောင်းရှင်းပြပါတယ်။

အခုသူတို့ ဖွင့်လှစ်ထားတဲ့ သင်တန်းတွေမှာ ဂစ်တာပညာနဲ့ပတ်သက်ပြီး အခြေခံနှင့် အဆင့်မြင့် နှစ်မျိုးခွဲခြား သင်ကြားပေးမှာပါ။အဆင့်မြင့်အပိုင်းမှာတော့ လိဒ်ဂစ်တာတီးခတ်နည်းနဲ့ အခြားဂစ်တာတီးနည်းတွေကို သင်ကြားပေးမယ်လို့ သင်တန်းဖွင့်လှစ်ထားသူတွေထံက သိရပါတယ်။

“အဆင့်မြင့်မှာလည်း သုံးလေးမျိုးခွဲထားတယ် ဒါပေမယ့် အမျိုးအစားတွေကို မခွဲတော့ပဲနဲ့ တစ်မျိုးထဲ လုပ်လိုက်တယ်”ဟု သင်တန်းကို စီစဉ်ဖွင့်လှစ်သူတစ်ဦးဖြစ်တဲ့ သူရိယမာဉ်က ပြောဆိုပါတယ်။

သင်တန်းကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ငါးရက်ဖွင့်လှစ်ထားပြီး သင်တန်းချိန်ကတော့ နေ့စဉ် ညနေ သုံးနာရီမှ လေးနာရီခွဲအထိ တက်ရောက်ရမှာဖြစ်ပါတယ်။ နောက်ပိုင်း သင်တန်းသားများ လာရင်တော့ နှစ်ချိန်ခွဲ သင်ကြာပေးဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

မော်လမြိုင်မြို့က သင်တန်းမှာတော့ တေးသံရှင် သူရိယမာဉ်နဲ့ Star တို့ က သင်ပေးမှာဖြစ်ပြီး သံဖြူဇရပ်မှာတော့ တေးသံရှင် ဝဏ္ဏ နှင့် ဂစ်တာသမား ထောရော့ဒ်တို့ က အသီးသီး သင်ကြားမှာလည်းဖြစ်ပါတယ်။

ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ပါက အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်နိုင်တဲ့ ဂစ်တာတီးခတ်ခြင်းကို ဝါသနာပါ၍ ကြိုးကြိုးစားစားသင်ယူပါက လျှင်လျှင်မြန်မြန် တတ်မြောက်မှာဖြစ်တယ်လို့လည်း သင်တန်း စီစဉ်သူတွေက ပြောဆိုပါတယ်။

“ဘယ်နှစ်လလောက်မှ တတ်မြောက်မလဲဆိုတာ အချို့တွေက မေးနေတာလည်းရှိတယ်။ ဒီအနုပညာတွေက ဘယ်နှစ်လနဲ့တတ်မြောက်နိုင်မလဲဆိုတာကို ပြောလို့မရဘူး။ ကိုယ့်ပါရမီနဲ့ ကြိုးစားမှုအပေါ်မှာ မူတည်တယ်” ဟု သူရိယမာဉ်က ဆိုပါတယ်။

သင်တန်းမှာ ဂစ်တာပညာအပြင် အသံ(Vocal)နဲ့ပတ်သက်လို့ပါသင်ကြားပေးနေပြီး နောက်ပိုင်းမှာ ဒရမ်နှင့် Bass ဂစ်တာတီးခတ်တာတွေကိုပါ ဖွင့်လှစ်သင်ကြားဖို့ သင်တန်းဖွင့်လှစ်သူတွေက စီစဉ်ထားပါတယ်။

ထို့အတူပဲ သင်တန်းကို မုဒုံမြို့တွင်လည်း ထပ်မံတိုးချဲ့ဖွင့်လှစ်ချင်ပေမယ့် အိမ်ငှားရတဲ့ တန်ဖိုးများ နေတာကြောင့် သင်တန်းသားဦးရေ ၂၀ လောက်ရှိမှ အဆင်ပြေနိုင်မှာဖြစ်တယ်လို့ ၎င်းတို့ထံမှ သိရပါတယ်။

ဒါကြောင့်မို့ လတ်တလောဂီတဝါသနာပါတဲ့ မွန်လူငယ်တွေက ဂစ်တာပညာကို သင်ကြားလိုရင်တော့ မော်လမြိုင်မြို့မှာဆိုရင် မြိုင်သာယာရပ်ကွက်၊ အောင်ဆန်းလမ်း၊ သူရိယမာဉ်ကွန်ပျူတာဆိုင်မှာ တက်ရောက် နိုင်မှာဖြစ်ပြီး သံဖြူဇရပ်မှာဆိုရင်တော့ သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်တို့မှာ တက်ရောက်နိုင်မှာပါ။

သင်တန်းတွေကိုတော့ ဂစ်တာပညာကို တတ်မြောက်တဲ့အထိ လအကန့်အသတ်မရှိတက်ရောက်နိုင်မှာဖြစ်ပြီး သင်တန်းကြေးကတော့ တစ်မျိုးသင်ကြားရင် နှစ်သောင်း ကျပ်ဖြစ်ကြောင်း ဝါသနာရှင်မွန်လူငယ်များအတွက် ဟင်္သာမီဒီယာရဲ့ အနုပညာကဏ္ဍကနေလမ်းညွှန်ဖော်ပြပေးလိုက်ပါတယ်။

Leave a Reply