Advertisements

မော်လမြိုင် ဇန်နဝါရီ

မွန်စာပေပြိုင်ပွဲကို လာမည့် ဖေဖော်ဝါရီ ၁ဝ ရက်တွင် မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀၀ ကျောင်းတိုက်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ နိုင်မွန်ရာဇာက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ယခု ပြိုင်ပွဲမှာ မွန်စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံတမ်းများကို ဖော်ထုတ် ထိန်းသိမ်းနိုင်ရန်၊ နွေရာသီတွင် မွန်စာပေ သင်ကြားထားသောလူငယ်များအတွက် စာပေတတ်မြောက်မှု အရည်အချင်း တိုးတက်လာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

Advertisements
data-language="en"

ကဏ္ဍ ၃ခုဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စာစီစာကုံး အရေးကဏ္ဍ၊ ကဗျာဖွဲ့စပ်ကဏ္ဍ နှင့် အမေးအဖြေ ကဏ္ဍတို့ကို ဖြေကြားရမည်ဖြစ်သည်။

“ဖေဖော်ဝါရီ ၁ဝရက် တစ်ရက်တည်းပဲ လုပ်မှာ၊ အသက် ကန့်သတ်ထားတာ မရှိဘူး၊ ပြိုင်ချင်တဲ့ သူတွေ အားလုံးကို ပြိုင်ခွင့် ပေးထားတယ်၊ ကျောင်းသူ ကျောင်းသားတွေ၊ ဆရာဆရာမတွေ အများစုက မွန်စာ ကျွမ်းကျင်တဲ့သူတွေ ပြိုင်ကြတယ်”ဟု နိုင်မွန်ရာဇာက ပြောသည်။

ပြိုင်ပွဲမှ ဆုရသူများကို ပဲခူမြို့၌ ကျင်းပမည့် ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဟု ဆိုသည်။

အဆိုပါ ပြိုင်ပွဲကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁ဝမြို့နယ်၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ကော့ကရိတ်၊ ဘားအံ၊ လှိုင်းဘွဲ၊ မြဝတီ နှင့် တနင်္သာရီမြို့အပါအဝင် ၁၈မြို့နယ်မှ စုပေါင်းကာ လာရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

ပြိုင်ပွဲကြောင့် မွန်စာပေ၏ အနှစ်သာရ၊ သမိုင်းကြောင်း နှင့် မွန်စာပေ ဖြစ်ပေါ် တိုးတက်လာမှု အစဉ်အလာများကို ပိုမိုသိရှိလာမည်ဖြစ်ကြောင်း မော်လမြိုင်တက္ကသိုလ်မှ မြန်မာစာမေဂျာတက်ရောက်နေသည့် မိနန္ဒာမြင့်မှ ပြောသည်။

“မွန်လိုတော့ ပြောတတ်တယ်၊ မွန်စာမရေးတတ်ဘူး၊ နောက်တော့ မွန်စာပေသင်တန်းကို တက်တယ်၊ မွန်စာသင်တယ်၊ တစ်ဖြည်းဖြည်း မွန်စာရဲ့ နက်နဲပုံတွေကို သိလာတယ်၊ ဒီလိုပြိုင်ပွဲတွေကို ဝင်ပြိုင်ရင်းနဲ့ ပိုပြီး ပညာတိုးလာမယ်လို့ ထင်တယ်”ဟု ၎င်းက ပြောသည်။

မွန်လူငယ်များနေဖြင့် မွန်စာပေ ယဉ်ကျေးမှု ပြိုင်ပွဲများကို လာရောက်လေ့လာခြင်း၊ ဝင်ရောက်ယှဉ်ပြိုင်ခြင်းများ ပြုလုပ်စေချင်ကြောင်း ဆက်လက်ပြောသည်။

ထိုက်ထိုက်

Leave a Reply