Photo Credit - Mon Unity Party - Central Facebook Page

ရိုးဂုဏ်
ရန်ကုန်၊ သြဂုတ် ၁၄

လာမည့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မွန်ညီညွတ်ရေးပါတီအနေဖြင့် သထုံနှင့် ဘီးလင်းမြို့နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဘဲ ညီနောင်တိုင်းရင်းသား ပါတီများဖြစ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ကရင်ပြည်သူ့ပါတီတို့ကို အားပေးသွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဘက် အတွင်းရေးမှူး နိုင်လယိတမက ဟင်္သာကို ပြောသည်။

သူက “ ကျွန်တော်တို့ ဒီနေရာတွေကို ဝင်ပြိုင်တော့မှာ မဟုတ်ဘူး။ သထုံဆိုရင် ကရင်လူမျိုးတွေ များတယ်။ နောက်တစ်ခါ ပအိုဝ်းကလည်း ဝင်ပြိုင်မယ်ဆိုတော့ ကျွန်တော်တို့က ညီနောင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှာ မဟုတ်ပါဘူး ” ဟု ဆိုသည်။

မွန်ညီညွတ်ရေးပါတီက မွန်ပြည်နယ်ရှိ မြို့နယ် ၈ ခု၌ နေရာ ၃၅ ခုအတွက်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်က သတင်းထုတ်ပြန်ထားသည်။ နောက်ဆက်တွဲထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးသာမက ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးများရှိ မွန်လူမျိုးများနေထိုင်ရာ ဒေသများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၀ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ၊ ပြည် နယ်လွှတ်တော် မဲဆန္ဒနယ် ၂၀ နေရာနှင့် ဗမာ၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာနေရာ ၃ နေရာရှိပြီး စုစု ပေါင်း မဲဆန္ဒနယ် ၄၅ နေရာရှိသည်။

ယင်းအနက် ကရင်ပြည်သူ့ပါတီက ၉ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၃ နေရာဝင်ရောက် ရွေးချယ်ခံမည်ဟု သက်ဆိုင်ရာ ပါတီတွေက ထုတ်ပြန်ထားကြသည်။

လာမည့်ရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း ဝင်ရောက်အရွေးချယ်ခံကြမည့် ပါတီပေါင်း ၁၃ ပါတီရှိနေပြီး ၎င်းတို့မှာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ဗမာ ပြည်သူ့ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ ဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုက ရက် တစ်ပါတီ၊ ပြည်သူ့ပါတီ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တို့ဖြစ်သည်။

Photo Credit – Mon Unity Party – Central Facebook Page

Leave a Reply