Advertisements

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေဦးဆောင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် လက်ရှိလွှတ်တော်တွင် ကြိုးပမ်းနေကြသည်။ သို့သော် ပြင်ဆင်ရန် တင်သွင်းလာသောအချက်များအပေါ် တိုင်းရင်းသားပါတီများနှင့်လည်း သဘောထားမတိုက်ဆိုင်မှုများရှိနေရာ မွန်ညီညွတ်ရေးပါတီ ထိပ်ပိုင်း တာဝန်ရှိသူများထဲက နိုင်လယီတမ နှင့် ဟင်္သာမီယာတို့ တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြလိုက်ရပါသည်။

ဟင်္သာမီဒီယာ ။      ။ ပထမဆုံးမေးချင်တာ ကလက်ရှိ လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ကြိုးပမ်းနေတဲ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး  တိုင်းရင်းသား ပါတီတစ်ရပ်အနေနဲ့ ဘယ်လိုမြင်လဲ။

နိုင်လယီတမ ။      ။ လွှတ်တော်လမ်းကြောင်းကနေသွားနေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးက ဘယ်လိုပြောရမလဲဆိုတော့ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးမှာ နှစ်ဖက်စလုံးက ဗီတိုအာဏာတွေ ရှိနေကြတယ်။ လွှတ်တော်ထဲမှာ နေရာအများစုရထားတဲ့ ကိုယ်စားလှယ်တွေကလည်းပယ်ချနိုင်တဲ့အာဏာတွေရှိတယ်။ ထို့နည်းတူစွာ ၂၀၀၈ ဖွဲ့စည်းပုံပေးထားချက်အရ ၂၅ ရာခိုင်နှုန်းနေရာယူထားတဲ့ တပ်မတော် ကိုယ်စားလှယ်တွေကလည်းပယ်ချနိုင်တဲ့ ဗီတိုအာဏာတွေရှိတယ်။ အဓိကျတဲ့ဘက်နှစ်ဖက်စလုံးက ဗီတိုအာဏာတွေ ရှိနေကြတယ်။ ဒီလိုနှစ်ဖက်စလုံးက ဗီတိုအာဏာတွေရှိနေကြတဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးလမ်းကြောင်းက ပုဒ်မ ၄၃၆ ကို ကျော်နိုင်ဖို့ဆိုတာက အလားလာ သိပ်မရှိဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်မှာလည်း ဗီတိုအာဏာရှိနေတယ်။ အဲဒီတော့ ကျွန်တော်တို့က ဖွဲ့စည်းပုံပြင်ဆင်ရေးလမ်းကြောင်း ပုဒ်မ ၄၃၆ ကို ကျော်လွှားနိုင်ဖို့အတွက်ဆိုလို့ရှိရင် NLD ခေါင်းဆောင်နဲ့ တပ်မတော်ရဲ့ခေါင်းဆောင် အဓိက ဒီနှစ်ဦးနှစ်ဖက်နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း သဘောတူညီချက်ရှာမှသာလျှင် ပုဒ်မ ၄၃၆ ကို ကျော်လွှား
နိုင်မယ်။ အခုက လက်ရှိအနေ အထားမှာ နှစ်ဖက်ခေါင်းဆောင်တွေက နိုင်ငံရေးအရ ဘာမှ တွေ့ဆုံညှိနှိုင်းတာမရှိဘဲနဲ့ လွှတ်တော်မှာ ပြင်တယ်ဆိုတာကတော့ ပုဒ်မ ၄၃၆ ကို ကျော်လွှားနိုင်မယ့် အလားလာ သိပ်မမြင်ရဘူးလို့ တွေးမိတာပေါ့နော်။

ဟင်္သာမီဒီယာ ။      ။ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က  ဖွဲ့စည်းပုံပြင်ဆင်မယ်လို့ မဲဆွယ်ခဲ့တယ်။ ပြီးတော့ ရွေးကောက်ပွဲ အနိုင်ရလာတယ်ပေါ့။ ဒါပေမယ့် အစိုးရသက်တမ်းကုန် ခါနီးမှ ဒီလုပ်ငန်းစဉ်ကို စတင်နိုင်တယ်ပေါ့၊ အဲ့ဒီအပေါ် မှာဘယ်လိုမြင်ပါသလဲ။

နိုင်လယီတမ ။       ။ ဖွဲ့စည်းပုံပြင်ဆင်ရေးက ခုနက ကျွန်တော်ပြောသလိုပဲ။ တပ်မတော်က သဘောမတူ ဘူးဆိုလို့ရှိရင် ပုဒ်မ ၄၃၆ ကို မကျော်လွှားနိုင်ဘူး။ ဒီပုဒ်မ ၄၃၆ ကိုမကျော်နိုင်ဘူးဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးကလည်း ဘာမှ အရာရောက်မှာ မဟုတ်ဘူး။ NLD အနေနဲ့ ဒါကို သိလျက်နဲ့ ဘာလို့လွှတ်တော်လမ်းကြောင်းမှာ အပြေးအလွှားပြင်ဖို့ ကြိုးစားရသလဲဆိုတာကတော့ သူ့ရဲ့နောက်ကွယ်မှာ နိုင်ငံရေးရည် ရွယ်ချက်တစ် ခုခုများ ရှိနေသလားလို့ တွေးမိတယ်။

ဟင်္သာမီယာ ။       ။ ဖွဲ့စည်းပုံကို ပြင်ဖို့ NLD အနေနဲ့ ဘယ်လိုလုပ်သင့်လဲ။မွန်ညီညွတ်ရေးပါတီရဲ့ တာဝန်ရှိသူ တစ်ဦးအနေနဲ့ ဘယ်လိုအကြံပေးချင်လဲ။

နိုင်လယီတမ ။      ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်ဖို့ကပထမအချက်က လွှတ်တော်ထဲကအများစုဖြစ်နေတဲ့ ခုနက ကျွန်တော်ပြောတဲ့ NLD ပါတီ ခေါင်းဆောင်တဲ့ တပ်မတော်ခေါင်းဆောင် နှစ်ဦးနှစ်ဖက်က အကျေအလှယ် ညှိနှိုင်းသဘောတူညီချက်ရှာဖို့လိုတယ်။ အဲဒီညှိနှိုင်းသဘောတူညီချက်အပေါ်မှာ အခြေခံပြီးတော့ ပြင်ဆင်မယ်ဆိုရင်တော့ ပြင်ဆင်မယ့်ပုဒ်မတွေက အလွယ်တကူနဲ့ ပြင်ဆင်သွားနိုင်မယ်။ အခုအနေအထားက နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု မရှိတဲ့အခါကျတော့ ဒါကိုပြင်တယ်ဆိုတာက ခုနက ပြောသလိုပဲ၊ ပြင်နိုင်ဖို့အလားလာ ကျွန်တော်သိပ်မမြင်ရဘူး။ ဒါကတစ်ချက်ပေါ့။ နောက်ပြီး ပြင်ဆင်တဲ့အခါမှာ ခုနက ကျွန်တော်ပြောသလိုပဲ၊ NLD လွှတ်တော်ကိုယ်စားလှယ်တွေက ဘာကို ဆွေးနွေးသလဲဆိုတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုခဲ့တာရှိတယ်။ အဲဒီသဘောတူစာချုပ်မှာ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံကိုတည်ဆောက်မယ်ဆိုတဲ့ ပြည်ထောင်စုသဘော တူစာချုပ်ရှိတယ်။ အဲဒီသဘောတူစာချုပ်အတိုင်းကို ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အစ၊ အလယ်၊ အဆုံး၊ အားလုံးကိုပြင်ဆင်သွားမယ်ဆိုတဲ့ သဘောထားနဲ့ NLD က ဒါကို ပြင်ဆင်သွားဖို့ရှိတယ်။ အဲဒီတော့ တကယ့်တကယ် ၄၅ ဦးကော်မတီက တင်လိုက်တဲ့ NLD ရဲ့ ပြင်ဆင်ချက်စာတမ်းကို ကျွန်တော်လေ့လာ မိသလောက်ကတော့ ဒီမိုကရေစီနဲ့ ဆိုင်တဲ့ပုဒ်မအချို့တွေကိုပဲ NLD က ပြင်ဆင်ထားတာရှိတယ်။ တကယ့်တကယ် တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ဆိုင်တဲ့ ပုဒ်မတွေ၊ ဖက်ဒရယ််စနစ်နဲ့ဆိုင်တဲ့ ပုဒ်မတွေကို ပြင်ဆင်ထားတာ ကျွန်တော်သိပ်မတွေ့ရဘူး။

ဟင်္သာမီဒီယာ ။     ။ အခုဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စက တိုင်းရင်းသားတွေအတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိနိုင်မလဲ။

နိုင်လယီတမ ။      ။ NLD ရဲ့ စာတမ်းအရဆိုလို့ရှိရင် လွှတ်တော်ထဲမှာ အများစုနေရာရထားတဲ့ NLD တောင်မှ ဖွဲ့စည်းပုံပြင်ဆင်ချက်က ခုနက ကျွန်တော်ပြောသလို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ဆိုင်တဲ့အချက်အလက်တွေမပါဘူး။ ဖက်ဒရယ်နဲ့ဆိုင်တဲ့အချက်အလက်တွေ မပြင်ဆင်ထားဘူး။ လေ့လာမိသလောက်တော့ အဲဒီလိုရှိနေတယ်။ ကျွန်တော်တို့က အမှန်မှာက NLD ကိုယ်စားလှယ်တွေကပြောသလို ပြည်ထောင်စုသဘောတူစာချုပ်အရ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံကို သွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းပုံပြင်ဆင်မယ်ဆိုလို့ရှိရင် ဖက်ဒရယ်နဲ့ဆိုင်တဲ့ အခြေခံမူတွေကို ပြင်ဆင်သွားဖို့လိုတယ်။ ဥပမာ-အားဖြင့် ပြောမယ်ဆိုလို့ရှိရင် နိုင်ငံတော်တည်ဆောက်ပုံ ၂၀၀၈ မှာပါတဲ့ နိုင်ငံတော် တည်ဆောက်ပုံကတော့ တိုင်းနဲ့ပြည်နယ် ၁၄ ခု၊ အဲဒီတော့ အဲဒီအတွက်ကို NLD က မပြင်ဆင်ထားဘူး။ ဆိုလိုတာက NLD က တိုင်းနဲ့ပြည်နယ် ၁၄ ခုအပေါ်မှာပဲ ပြည်ထောင်စုကို တည်ဆောက်နေတယ်ဆိုတဲ့ အယူအဆရှိတယ်လို့ သုံးသပ်တယ်။ အဲဒီတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေလိုလားတဲ့ တန်တူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဆန့်ကျင်ကွဲလွဲနေတာပေါ့။ ကျွန်တော်တို့တိုင်းရင်းသားတွေလိုချင်တဲ့ နိုင်ငံတော်တည်ဆောက်ပုံကတော့ တန်းတူရေးကို အခြေခံရမယ်။ တန်းတူရေးကို အခြေခံတယ်ဆိုတာက ပြည်ထောင်စုထဲမှာပါဝင်တဲ့ ပြည်နယ်/တိုင်း၊ ပြည်နယ်/တိုင်းဟာ နိုင်ငံရေးအရ တန်းတူအခွင့်အရေးရှိရမယ်။ နောက်တစ်ခု ကျွန်တော်တို့ နိုင်ငံကို ဖွဲ့စည်းတည်ဆောက်တဲ့
အခါမှာ ပြည်နယ်တွေက တိုင်းရင်းသားလူမျိုးတွေကို အခြေခံတဲ့ပြည်နယ်တွေ ဖြစ်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ နှစ်(၇၀) ပြည်တွင်းစစ်က လူမျိုးရေးပြဿနာ၊ လူမျိုးရေးပဋိပက္ခ၊ ဒီလိုမျိုးလူမျိုးရေးပဋိပက္ခတွေကို ဖြေရှင်းပြီးတော့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့အတွက်ဆိုရင် လူမျိုးရေးကို အခြေခံတဲ့ အမျိုးသားပြည်နယ်တွေနဲ့ နိုင်ငံတော်ကို ဖွဲ့စည်းတည်ဆောက်မှသာလျှင် ကျွန်တော်တို့ နိုင်ငံကထာဝရငြိမ်းချမ်းရေးကိုရရှိနိုင်မှာဖြစ်တယ်။ အဲဒီတော့ ဒီအချက်အလက်တွေက NLD  အနေနဲ့ ပြင်ဆင်ထားတာကျွန်တော်မတွေ့ရဘူး။ နောက်တစ်ချက်က ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်၊ လွှတ်တော်ဖွဲ့စည်းပုံ၊ လွှတ်တော်ရွေးချယ်ပုံစနစ်၊ ကျွန်တော်တို့က ဖက်ဒရယ်စနစ်ကို တည်ဆောက်မယ်ဆိုလို့ရှိရင် လိုအပ်တဲ့ လွှတ်တော်နှစ်ရပ်က စနစ်နှစ်ရပ်ကို ကျွန်တော်တို့ ထင်ဟပ်ပေးဖို့လိုတယ်။

ဥပမာ – တစ်အချက် ပြည်သူ့လွှတ်တော်ဆိုတာက ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ထင်ဟပ်ဖို့အတွက် ရည်ရွယ်ချက်နဲ့ ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းထားတယ်။ နောက်တစ်ခုက အမျိုးသားလွှတ်တော်ဆိုတာက ကျွန်တော်တို့နိုင်ငံကို တန်းတူရည်တူပြည်နယ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဖက်ဒရယ်စနစ်ကို ထင်ဟပ်မယ့် လွှတ်တော်ဖြစ်ဖို့လိုတယ်။ အဲဒါကြောင့် အမျိုးသားလွှတ်တော်ကို ရွေးချယ်တဲ့အခါမှာ သက်ဆိုင်ရာမဲဆန္ဒနယ်တွေက ရွေးချယ်တာမဟုတ်ဘဲနဲ့ သက်ဆိုင်ရာပြည်နယ်က ရွေးချယ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကသာ ကိုယ်စားပြုဖို့ လိုတယ်။ ဒါမှသာလျှင် အမျိုးသားလွှတ်တော်ဆိုတာ ဖက်ဒရယ်စနစ်ကိုထင်ဟပ်တဲ့ လွှတ်တော်ဖြစ်နိုင်
မယ်။ အခုပြင်ဆင်ချက်ထဲမှာ ဒါကို NLD က ပြင်ဆင်ထားခြင်းမရှိဘူး။ နောက်တစ်ချက် ဥပဒေကို အတည်ပြုတဲ့အခါမှာ ဖက်ဒရယ်စနစ်မှာ လွှတ်တော်နှစ်ရပ်ဆိုတာက အာဏာတန်းတူရှိဖို့လိုတယ်။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဥပဒေ တစ်ရပ်ကိုအတည်ပြုတဲ့အခါမှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်းပြီးတော့
မဲခွဲဆုံးဖြတ်တယ်။ အဲဒီလို မဲခွဲဆုံးဖြတ်လိုက်ခြင်းအားဖြင့် အရေအတွက်အားဖြင့် တစ်ဝက်နီးပါးများနေတဲ့ ပြည်သူ့လွှတ်တော်က အလိုအလျောက် အမျိုးသားလွှတ်တော်ကို လွှမ်းမိုးပြီးသားဖြစ်တဲ့အတွက် ဒါက ဖက်ဒရယ်စနစ်ရဲ့ အဓိကအနှစ်သာရဖြစ်တဲ့ လွှတ်တော်နှစ်ရပ်စနစ်က အနှစ်သာရမရှိတော့ဘဲနဲ့ လွှတ်တော်တစ်ရပ်
စနစ်ကို ဦးတည်သွားတယ်။ လွှတ်တော်တစ်ရပ်စနစ်ကို ဦးတည်သွားတဲ့အခါကျတော့ တစ်ပြည်ထောင်စနစ်ကို ဦးတည်သွားတယ်။

အဲဒီတော့ ဒီပုဒ်မတွေလည်း NLD က မပြင်ဆင်ထားဘူး။ ထို့နည်းတူစွာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ခြုံပြီးပြောလိုက်မယ်ဆိုရင် အဓိကကျတဲ့ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲခွင့်အာဏာကို ပြည်နယ်တွေရရှိအောင် ဒါကိုလည်း NLD အနေနဲ့ ပြင်ဆင်ထားတာ မတွေ့ရဘူး။ ထို့နည်းတူစွာ ပုဒ်မ ၂၆၁ (ခ)၊ ပုဒ်မ ၂၆၂ (ဌ) ကဲ့သို့သော ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်က ရွေးချယ်ရမယ်ဆိုတဲ့အချက်ကိုလည်း NLD က ပြင်ဆင်မထားဘူး။ အဲဒီတော့ ခြုံပြီးပြောရမယ်ဆိုရင် NLD ရဲ့ ပြင်ဆင်ချက်စာတမ်းက တိုင်းရင်းသားတွေနဲ့ ဆိုင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပုဒ်မတွေတိုင်းရင်းသားတွေနဲ့ဆိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ဥပဒေပြုအခန်းကဏ္ဍ
တွေ ဖက်ဒရယ်စနစ်နဲ့ဆိုင်တဲ့ ပုဒ်မတွေပြင်ဆင်ထားတာ မတွေ့ရတဲ့အတွက် ဒီလက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကတော့ တိုင်းရင်းသားတွေအတွက် မျှော်လင့်ချက် တစ်စုံတစ်ရာရှိမယ်လို့ ကျွန်တော် မမျှော်လင့်ပါဘူး။

ဟင်္သာမီဒီယာ ။      ။ တိုင်းရင်းသားတွေ တန်းတူရေးကို ဘယ်လိုဖော်ဆောင်ရမလဲ။ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်ဖို့ဘယ်လို ဖွဲ့စည်းပုံအခြေခံဥပဒေမျိုး လိုအပ်တယ်ထင်လဲ။

နိုင်လယီတမ ။       ။ ကျွန်တော်တို့ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုက တန်းတူရေးအပေါ်မှာ အခြေခံပြီး တည်ဆောက်ရမယ်။ တန်းတူရေးအပေါ်မှာအခြေခံပြီးတည်ဆောက်မယ်ဆိုရင် ဗမာလူမျိုးကလည်း တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်တဲ့အတွက် အခြားတိုင်းရင်းသားများနည်းတူ ပြည်ထောင်စုအဖွဲ့ဝင်ထဲမှာ ဗမာပြည်နယ် တစ်ပြည်နယ်အဖြစ် ပါဝင်ဖို့လိုတယ်။ အဲဒီလိုပါဝင်မှသာလျှင် တိုင်းရင်းသားတွေရဲ့ တန်းတူရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။ အခုလက်ရှိ တိုင်းနဲ့ပြည်နယ် (၁၄) ခုမှာ ဗမာပြည်နယ်ပါဝင် ဖွဲ့စည်းထားတာမရှိဘူး။ အဲဒီဗမာပြည်နယ်ဖွဲ့စည်းရမယ့်နေရာတွေမှာ တိုင်းဒေသကြီးတွေခွဲခြားပြီး နိုင်ငံတော်တည်ဆောက်လိုက်တဲ့အခါကျတော့ တိုင်းရင်းသားအားလုံးတန်းတူညီမျှမှုမရှိဘဲနဲ့ လူမျိုးကြီးတစ်မျိုးက ပြည်ထောင်စုကြီးကို လွှမ်းမိုးနေတဲ့သဘော သက်ရောက်နေတယ်။ ဒါကြောင့် ဒါကတစ်ပြည်ထောင်စုစနစ်ကို ဦးတည်နေတယ်လို့ကျွန်တော်ထင်ပါတယ်။

ဟင်္သာမီဒီယာ ။      ။ အခု လတ်တလောမှာ ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တချို့ တပ်က ထိပ်ပိုင်းအရာရှိတွေ ကို ပိတ်ဆို့မှုတွေရှိလာတယ်ပေါ့၊ အဲ့ဒီအပေါ်မှာဘယ်လိုထင်မြင်လဲ ။ နိုင်ငံရေး အခင်းအကျင်း ကဘယ်လို ဖြစ်လာနိုင်လဲ။

နိုင်လယီတမ ။       ။ ပြည်ဝင်ခွင့်ပိတ်လိုက်ခြင်းအားဖြင့်သော်လည်းကောင်း၊ စီးပွားရေးပိတ်ဆို့လိုက်ခြင်းအားဖြင့် သော်လည်းကောင်း၊ ဖြစ်လာမယ်ဆိုရင်တော့ ဘယ်သူ့အတွက်မှလည်းကောင်းကျိုးကို မဖော်ဆောင်နိုင်ဘူး။ သက်ဆိုင်ရာ ကာယကံရှင်အတွက်ကလည်း ကောင်းကျိုးအတွက်ပဲ မဖြစ်သလို ကျွန်တော်တို့ နိုင်ငံစီးပွားရေး အလားလာကလည်း အများကြီးထိခိုက်သွားစရာတွေ ရှိတယ်။ အဲဒါကြောင့် ဒီလိုဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲနိုင်ဖို့အတွက် ကျွန်တော်တို့  တိုင်းရင်းသားညီအစ်ကိုအချင်းချင်းကြားမှာ ဆွေးနွေးဖြေရှင်းစရာရှိတဲ့ နိုင်ငံရေးကိစ္စတွေကို အမြန်ဆုံးဖြေရှင်းဖို့သာ လိုအပ်တယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က စီးပွားရေး ပိတ်ဆို့သည်ဖြစ်စေ၊ ပြည်ဝင်ခွင့်ပိတ်သည်ဖြစ်စေ၊ ဒါဟာ ပိတ်ဆို့တဲ့နိုင်ငံအတွက်ရော ကျွန်တော်တို့ နိုင်ငံအတွက်ရော ဒါက ကောင်းတဲ့အနေအထားမဟုတ်ဘူး။ ကောင်းတဲ့အနေအထားရောက်ရှိဖို့အတွက်က ဖြစ်ရှိနေတဲ့ ကျွန်တော်တို့ပြဿနာအားလုံးကို ကျွန်တော်တို့အချင်းချင်းဆွေးနွေးတိုင်ပင်ပြီးတော့ အမြန်ဆုံးအဖြေရှာလို့ရမယ်ဆိုရင်တော့ ဒါတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

ဟင်္သာမီဒီယာ ။     ။ လက်ရှိနိုင်ငံရေးအခြေအနေကိုရော ဘယ်လိုသုံးသပ်မိလဲ။ လာမယ့် ၂၀၂၀  ရွေးကောက်ပွဲ အတွက် ပါတီခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘယ်လိုထင်မြင်ချက်မျိုးရှိလဲ။

နိုင်လယီတမ ။     ။ လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲကာလကလည်း နီးလာပြီး တစ်နှစ်ကျော်လောက် ကျန်နေသေးတယ်။ သို့သော်လည်းပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အပစ်မရပ်ရသေးတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ ဒါ့ပြင် ရခိုင်ဒေသဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်သထက် ပြင်းထန်လာနေတယ်။ အဲဒီတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ အကယ်၍ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲနိုင်မယ်ဆိုလို့ရှိရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက်က အကောင်းဆုံးအနေအထားဖြစ်မှာပေါ့လေ။ အဲဒီတော့ ကျွန်တော်တို့က ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲနိုင်မယ်လို့ မျှော်လင့်တယ်။ အဲဒီလိုမျှော်လင့်တဲ့အတိုင်းပဲ အပစ်အခတ်ရပ်စဲကြပါလို့ တိုက်တွန်းချင်ပါတယ်။

ဟင်္သာမီဒီယာ ။    ။ ဆရာ့အနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်တာတွေ ရှိလဲ။

နိုင်လယီတမ ။     ။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဖြစ်စေ၊ ဖွဲ့စည်းပုံအသစ်တစ်ရပ်ပေါ်ပေါက်ရေးအတွက် စဉ်းစားသည်ဖြစ်စေ၊ ကျွန်တော်တို့က လွှတ်တော်လမ်းကြောင်းကသွားနိုင်ဖို့ စဉ်းစားဖို့လိုတယ်။ လွှတ်တော်ပြင်ပလမ်းကြောင်းဆိုတာက အခုသွားနေတဲ့ NCA အပစ်ခတ်ရပ်စဲရေးကနေတစ်ဆင့် ပြည်ထောင်စု ငြိမ်းရေးညီလာခံကို ကျွန်တော်တို့သွားခဲ့တယ်။ သို့သော်လည်းပဲ ဒါက လက်ရှိအနေအထားမှာ တစ်ဆို့နေတယ်။ အဲဒီတော့ လွှတ်တော်ပြင်ပလမ်းကြောင်းဖြစ်တဲ့ တစ်ဆို့နေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျွန်တော်တို့က ညှိနှိုင်းဆွေးနွေးအဖြေရှာပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ပြန်လည်စတင်နိုင်အောင် လုပ်ဖို့လိုတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် ပြန်လည်စတင်ပြီးတော့အားလုံးပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတင်နိုင်မှသာလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်တော်တို့ပြင်ဆင်နိုင်မှာ ဖြစ်တယ်။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်နိုင်ဖို့အတွက်က ငြိမ်းချမ်းရေးဖြစ်စဉ်က ရှေ့ဆက်သွားဖို့ အရေးကြီးတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ရှေ့ဆက်သွားဖို့ တစ်ခုတည်းသည်သာ ကျွန်တော်တို့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။

ရွှေရိုး

Advertisements
<

Leave a Reply