မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးနှင့်ပတ်သက်၍ ပါတီ လေ့ကျင့်ရေးဌာနမှူး နိုင်ရဲဇော်နှင့် တွေ့ဆုံမေးမြန်းခြင်း အပိုင်း (၁)

မေး – မတ်လ ၁၅ ရက်က သံဖြူဇရပ်မှာ မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီအရေးပေါ်အစည်းအဝေး လုပ်ကြတယ်ပေါ့နော်။ အဲဒီမှာ ဆွေးနွေးဖြစ်ကြတဲ့ အကြောင်းအရာတွေကို ပြောပြပေးပါဦး။

နိုင်ရဲဇော် – နိဒါန်းပြောရရင်တော့ ကျွန်တော်က ပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူတော့ မဟုတ်ဘူးပေါ့နော်။ ကျွန်တော့်ဖြေကြားချက်တွေကတော့ သတင်းမီဒီယာတစ်ခုက မေးတာကို ပုဂ္ဂလအမြင်နဲ့ ဖြေကြားတဲ့ သဘောပဲ ရှိမှာပေါ့။ ပါတီကိုယ်စားပြု ဖြေကြားခြင်းတော့ မဟုတ်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ပါတီမှာကတော့ သူ့ရဲ့ ပြောရေးဆိုခွင့် ရှိသူတွေကို တာဝန်ပေးထားတာ ရှိတာကိုး။ ကျွန်တော့်အနေနဲ့ ပြောတယ်ဆိုတာကတော့ ပါတီကိုယ်စားပြု ပြောတာ မဟုတ်ဘူး၊ အဲဒီပါတီထဲက CEC တစ်ယောက်အနေနဲ့ ပြောတာပေါ့နော်။ ကျွန်တော် ပြောနိုင်ခွင့် ရှိသလောက်ပေါ့၊ အဲဒီ အဝန်းအဝိုင်းလေးထဲကနေ ပြောတာ။

ခုနက မေးခွန်းအရ ဘာတွေ ဆွေးနွေးသလဲဆိုရင် အဓိကအားဖြင့်တော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) မှာ ကျွန်တော်တို့ပါတီက ဝင်ရောက်ပြီးတော့ လုပ်ကိုင်ရေး၊ မလုပ်ကိုင်ရေးဆိုတာကို အဓိက ချုပ်ပြီးတော့ ဆွေးနွေးတာ။ ဆွေးနွေးတဲ့အခါမှာ အမြင်အမျိုးမျိုးတော့ ရှိတာပေါ့လေ။ ကျွန်တော် အနေနဲ့ကတော့ အမြင်ကို အရင်ဆုံး အခြေခံသင့်တယ်။ ပါတီရဲ့အမြင်၊ ပြည်သူလူထုရဲ့အမြင်။ အဲဒါပြီးမှသာ ဒီ နစက အောက်မှာ သွားပြီးတော့ လုပ်ကိုင်ဆောင်ရွက် သင့်၊ မသင့်ကို စဉ်းစားသင့်တယ်လို့ ဆွေးနွေးပါတယ်။

ဘယ်လိုဖြစ်လဲဆိုတော့ သွားပြီးတော့ လုပ်မယ် မလုပ်ဘူးဆိုတာ ချက်ချင်းကြီး မဆုံးဖြတ်သင့်ဘူးလို့ မြင်ပါတယ်။ ပါတီမူဝါဒတွေရှိတယ်။ ပါတီစည်းမျဉ်းတွေရှိတယ်။ အခြေခံသဘောတရားတွေရှိတယ်။ လုပ်ငန်းစဥ်တွေ ရှိတယ်။ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒအထဲမှာဆိုရင် မည်သည့် အာဏာရှင်စနစ်ကိုမှ လက်ခံခြင်းမပြုရ ဆိုတဲ့ သဘောထားမျိုးတွေ ပါတယ်။ လုပ်ငန်းစဥ်ထဲမှာ ကြည့်လိုက်မယ်ဆိုရင်လည်း ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ချီတက်မယ်ဆိုတာတွေ ပါတယ်။ ပါတီအခြေခံအချက်တွေနဲ့ လုပ်ငန်းစဉ်တွေ အားလုံးက အာဏာရှင်စနစ်ကို တိုက်ဖျက်တာတို့၊ ဆန့်ကျင်တာတို့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်နိုင်ငံကို သွားဖို့ဟာတွေ အခြေခံထားတာ ဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ ဒီဟာကို လက်တွဲလုပ်ကိုင်မယ်ဆိုတဲ့အခါမှာ နစကအနေနဲ့ ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာထက် ဒါက ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရမဟုတ်ဘူး ဆိုတာ သေချာတယ်။ လက်ခံတယ် မခံဘူးဆိုတာထက် အဲဒီအောက်မှာ ဝင်ရောက်လုပ်ကိုင်ဖို့၊ လက်တွဲလုပ်ကိုင်ဖို့ မသင့်တော်ဘူးလို့ ကျွန်တော့်အနေနဲ့ကတော့ မြင်တယ်ပေါ့နော်။ ပါတီရဲ့ မူဝါဒအပေါ် အခြေပြုပြီးတော့ စဉ်းစားတာပေါ့နော်။

နောက်ပြီး လုပ်ငန်းစဥ်တွေ ပြန်ကြည့်လိုက်ရင်လည်း နံပါတ် ၁ က ဖက်ဒရယ်ကို အခြေခံတယ်။ လုပ်ငန်းစဥ်တွေအားလုံးက ဖက်ဒရယ်စနစ်ကို သွားဖို့၊ ဒီမိုကရေစီစနစ်ကို သွားဖို့၊ လူ့အခွင့်အရေးကို ကာကွယ်ဖို့ ဆိုတာတွေအပေါ်မှာ အခြေခံထားတယ်။ ဒါနဲ့ အကိုက်ညီဆုံးဖြစ်အောင် ကျွန်တော်တို့ပါတီအနေနဲ့ နေထိုင်သင့်တယ်။ ကျွန်တော်တို့က တွက်တယ်။

ကျွန်တော့်အနေနဲ့ဆိုရင်လည်း လေ့ကျင့်ရေးဌာနမှူး တစ်ယောက်ပဲလေ။ ဒီ အတွေးအခေါ်၊ သဘောတရားတွေအပေါ်မှာမှ ကျွန်တော်တို့က မရပ်တည်ရင် နိုင်ငံရေးပါတီတစ်ခုက မရှင်သန်နိုင်ဘူး။ ကျွန်တော်ကတော့ အဲဒီလို ယူဆတယ်။

အခြေခံစည်းမျဉ်းထဲမှာ ရေးဆွဲထားတဲ့ အချက်တွေ လုပ်ငန်းစဉ်တွေ ကြည့်လိုက်ရင် ကျွန်တော်တို့ဟာ ဘယ်အာဏာရှင် စနစ်အောက်မှာမှ သွားပြီးတော့ အမှုထမ်းဆောင်ဖို့ မပါနေဘူး။ မူဝါဒမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းစဉ်မှာပဲဖြစ်ဖြစ် မပါနေဘူး။ ကျွန်တော်တို့ရဲ့ ပါတီကနေပြီးတော့ မူဝါဒတွေ၊ စည်းမျဉ်းတွေက ပြည်သူလူထုကို ကိုယ်စားပြုမယ်၊ ရပ်တည်ပေးမယ်ဆိုတဲ့ အချက်တွေပဲ ပါတာဖြစ်တယ်။

တကယ်လို့ သွားပြီးတော့ အမှုထမ်းဆောင်မယ် စစ်ကောင်စီမှာ အဖွဲ့ဝင်အနေနဲ့ ပါဝင်မယ်ဆိုရင် ပါတီတစ်ခုလုံးမှာ ပါတီရဲ့ အယူအဆရေးရာရော လုပ်ငန်းစဉ်ရောကို အသက်တစ်ခုလုံးကို သူများကို အပ်ပေးလိုက်တာနဲ့ အတူတူပဲ ဖြစ်သွားမယ်။ ကျွန်တော်တို့မှာ ခန္ဓာကိုယ်ရော၊ ဝိဉာဉ်ရော မရှိတော့ဘူး။ ကျွန်တော်တို့ရဲ့ အသက်သွေးကြောဖြစ်တဲ့ ပါတီ မူဝါဒစည်းမျဉ်း ခံယူချက်ဆိုတာလဲ မရှိနိုင်တော့ဘူး။ ဘာကြောင့်လဲ၊ ကျွန်တော်တို့ထက် အင်အားအများကြီး ကြီးတယ်လို့ ယူဆနိုင်တဲ့ ကောင်စီတစ်ခုအောက်မှာ ဝင်ရောက်လုပ်ကိုင်ရတဲ့ အနေအထား ဘယ်လိုဖြစ်ဖြစ် သက်ရောက်သွားမယ်။ သြဇာခံလည်း ဖြစ်သွားမယ်၊ သက်ရောက်သွားမယ်။

နောက်ပြီးတော့ ဒီဟာအနေနဲ့လည်း ရွေးကောက်ပွဲအရသော်လည်းကောင်း၊ ပြည်သူလူထုရဲ့ ဆန္ဒအရသော်လည်းကောင်း၊ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတစ်ခု မဟုတ်သေးတဲ့အတွက် ပြည်သူလူထုရဲ့ အမြင်အနေနဲ့လည်း ကျွန်တော်တို့အပေါ်မှာ ဘယ်နည်းနဲ့မှ မကောင်းနိုင်ဘူး။ နိုင်ငံရေးပါတီတစ်ခုဆိုတာက ပြည်သူလူထုအပေါ်မှာ အမှီပြုရတာပဲ။ ပြည်သူလူထုရဲ့ အမြင် မကောင်းနိုင်တဲ့ ဟာတစ်ခုကို ကျွန်တော်တို့ သွားလုပ်လို့ မရဘူး။ ကောင်းလာအောင် လုပ်နိုင်ဖို့ ဆိုတာကလည်း ကျွန်တော်တို့မှာ လုပ်နိုင်စွမ်း ရှိ မရှိဆိုတာ ဒီအချိန်မှာ တိုင်းတာလို့ မရနိုင်သေးဘူး။ လတ်တလော ပြောနိုင်တာကတော့ ပြည်သူလူထု အမြင်မကောင်းနိုင်ဘူးလို့တော့ ကျိန်းသေပေါက် ပြောနိုင်တယ်။

မမြင်ရသေးတဲ့ ပြည်သူလူထု အမြင်ကောင်းအောင် လုပ်နိုင်မှာပါဆိုတာကို သွားပြီး မျှော်မှန်းနေတာထက် ပြည်သူလူထု အမြင်မကောင်းမယ့် လုပ်ငန်းကို ရှောင်ကြဉ်လိုက်သင့်တယ်လို့ မြင်တယ်။ ဆွေးနွေးဖြစ်ပါတယ်။

ကျွန်တော် ဆွေးနွေးဖြစ်တဲ့ တစ်ခုလေး ထပ်ပြီးတော့ ပြောပြပါ့မယ်။ ကျွန်တော်တို့မှာ လမ်းကြောင်းရွေးချယ်စရာ ဒီနှစ်ခုတည်း မဟုတ်ဘူး။ လုပ်မယ် မလုပ်ဘူးဆိုတာ တစ်ခုတည်း မဟုတ်ဘူး။ ကျွန်တော်တို့မှာ လမ်းကြောင်းရွေးချယ်စရာက မလုပ်ရင် ပျက်သွားမယ့်၊  လုပ်မှ ပါတီက ထူထောင်နိုင်မယ်ဆိုတဲ့ သဘောတရားမျိုး ရှိမနေဘူး။ နစကအနေနဲ့လည်း “မင်းတို့ လုပ်ရက် လုပ်၊ မလုပ်ရင် မင်းတို့ကို ဖြုတ်ပစ်မယ်၊ ပါတီကို ဖျက်ပစ်မယ်ဆိုပြီးတော့လည်း ညွှန်ကြားမနေဘူး။ အဲဒီတော့ ကျွန်တော်တို့မှာ ရွေးချယ်စရာတွေ အများကြီးရှိနေတာပဲ။ မလုပ်ဘူး ဒီတိုင်းနေလည်း ရနေတာပဲ။ ဥပမာ ပေးရရင် SNLD က ဘယ်လို ငြင်းလိုက်လဲဆိုရင် သူတို့ပါတီအနေနဲ့ အဆင်သင့် မရှိသေးပါဘူးလို့ ဖြေလိုက်တယ်။ ဒါလည်းပဲ နေလို့ရတဲ့ အခြေအနေ တစ်ခုပါပဲလို့ ။ ဒီလိုမျိုး နေလိုက်ခြင်းအားဖြင့် တိုင်းရင်းသားပါတီတွေအနေနဲ့လည်း ကိုယ့်အပေါ်မှာ အထင်အမြင်လွဲမှားမှု မခံရဘူး။ ကျန်တဲ့ တိုင်းရင်းသားပါတီတွေနဲ့လည်း ညှိနှိုင်းပြီးတော့ ဆက်လက်ဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်သွားလို့ ရတယ်။

ဒီလိုမျိုး အားတက်သရောကို ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးကကို ဆုံးဖြတ်ပြီးတော့ သွားပြီးတော့ ဝင်ရောက်လုပ်ကိုင်လိုက်ပါတယ်ဆိုရင် ကိုယ့်ရဲ့ မိတ်ဆွေပါတီတွေ၊ တိုင်းရင်းသားပါတီတွေက ကိုယ့်အပေါ်မှာ ဘယ်လို မြင်သွားမလဲ၊ ဘယ်လို ယူဆမလဲပေါ့နော်။ ဒီပါတီဟာ ဘယ်လိုတွေနဲ့ ရပ်တည်နေတဲ့ ပါတီတစ်ခုလဲဆိုတာ သုံးသပ်လာကြမှာပဲ။ ရှုတ်ချတဲ့ အဖွဲ့တွေလည်း ရှုတ်ချလာကြမှာပဲ။ ဒါတွေကို ရင်ဆိုင်ရမယ်။ နိုင်ငံရေးပါတီတစ်ခုက နိဂုံးချုပ် ပြောရရင်တော့ ကိုယ့်မူဝါဒစည်းမျဉ်းအပေါ်မှာ လိုက်နာသွားဖို့ဟာ အဓိက ကျတယ်လို့ မြင်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေအပေါ် မူတည်ပြီးတော့ ကိုယ့် အယူအဆတွေ လိုက် ပြောင်းလဲနေမယ်ဆိုရင် ဘယ်တော့မှလည်း တည်ငြိမ်တဲ့ ပါတီတစ်ခု ဖြစ်လာမှာ မဟုတ်သလို ရပ်တည်လို့လည်း မရဘူး။ ဒီကြားထဲ ဘာ အရှုံးပေါ်မလဲဆိုရင် နေရေးထိုင်ရေးနဲ့ ပါတီတွင်းမှာ ပါတီဝင်အချင်းချင်း သဘောထားကွဲလွဲမှုဆိုတာက ဖြစ်ပေါ်လာမှာပဲ။ ကျိန်းသေမလွဲဘူး။ နောက်ဆုံး အမြင်နှစ်မျိုး ဖြစ်သွားမှာပဲလေ။

(အပိုင်း ၂ ၊ အပိုင်း ၃ ဆက်လက် ဖော်ပြသွားပါမည်။)

Leave a Reply