မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးနှင့်ပတ်သက်၍ ပါတီ လေ့ကျင့်ရေးဌာနမှူး/ CEC နိုင်ရဲဇော်နှင့် တွေ့ဆုံမေးမြန်းခြင်း (၂)

မေး – (နစက)နဲ့ ပူးပေါင်းတဲ့ကိစ္စမှာ မွန်ညီညွတ်ရေးပါတီအပေါ် အတော် ပြင်းထန်တဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်လာခဲ့တာ ကြားရပါတယ်။ ပါတီအခြေခံစည်းမျဉ်းကို ရေးဆွဲရာမှာ ပါဝင်ခဲ့သူတစ်ဦးအနေနဲ့ရော အဲဒီအခြေအနေအပေါ်မှာ ဘယ်လို သဘောထားအမြင် ရှိပါသလဲ။ ဘယ်လိုမျိုး ပြန် သုံးသပ်မိပါသလဲ။

နိုင်ရဲဇော် – ပါတီ အခြေခံစည်းမျဉ်းကို ရေးဆွဲခဲ့စဉ်မှာလည်း မနိမ့်ခဲ့ဘူးပေါ့။ အဓိကကတော့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ၊ ဒီမိုကရေစီအောက်က လူ့အခွင့်အရေးပေါ့။ ဒီအရာကို အခြေခံပြီးတော့ ရေးဆွဲထားတယ်။ အမျိုးသားရေးလည်း ပါခဲ့တာပေါ့။ သို့သော် မနိမ့်ခဲ့ဘူး။ ကျွန်တော်တို့ရဲ့ မူဝါဒတွေ၊ အခြေခံစည်းမျဉ်းတွေဟာ နိမ့်တဲ့ အဆင့်မှာ မရှိခဲ့ဘူး။

သို့သော် ခုအခြေအနေမှာ ဒီလို သုံးသပ်ခြင်းခံလာရတာကလည်း လက်ရှိဖြစ်ပေါ်မှုတွေအပေါ် မူတည်ပြီးတော့ သုံးသပ်ခံရတာပေါ့။ ဒီဟာကို ကျွန်တော်တို့ကိုယ်တိုင်ကလည်း စဉ်းစားနေကြပါတယ်။ ဘယ်လို ပြန်ပြီးတော့ ဆယ်တင်ကြမလဲမပေါ့နော်။

စဉ်းစားချင့်ခြိန်တဲ့အခါမှာလည်း ဟိုဘက်က မြင်တဲ့ အမြင်တွေက မမှားနေဘူး။ ပြည်သူလူထုရဲ့ ဆန္ဒကို မျက်ကွယ်ပြုလိုက်တယ်၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေအပေါ်မှာ မျက်ကွယ်ပြုလိုက်တယ်ဆိုတဲ့ ပုံစံမျိုး သက်ရောက်နေတာပေါ့။ ကျန်တဲ့သူတွေကလည်း ကျွန်တော်တို့ပါတီအပေါ်မှာ ဘယ်လိုဖြစ်သွားလဲဆိုတဲဲ့ အံ့ဩခြင်းမျိုးတော့ ရှိနေတယ်။ ကျွန်တော်တို့ ဘယ်လို ပြန်လုပ်ကြမလဲ ဆိုတာကလည်း ဆွေးနွေးတိုင်ပင်နေကြတာပေါ့နော်။ ညှိနှိုင်းနေကြတယ်။ ကျွန်တော်တို့ဘက်က လိုက်ခံစားနေရတဲ့ ကိစ္စတစ်ခု ဖြစ်နေတာပေါ့လေ။

ဒီလိုမျိုးဖြစ်သွားရတာသည် တကယ်တမ်းကျတော့ ကျွန်တော်တို့ ပါတီအပေါ်မှာ ဘာမှ အကျိုးရလဒ် ရှိမလာဘူး။ ပါတီထဲမှာ သဘောထား ကွဲလွဲပြီးတော့ အယူအဆတွေ တစ်ယောက်နဲ့ တစ်ယောက် ကွဲလွဲသွားတာပဲ အဖတ်တင်ကျန်ခဲ့တာပေါ့နော်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နားလည်မှုနဲ့ ယုံကြည်မှုတော့ ဟ သွားတာပေါ့။

မေး – မတ်လ ၁၅ ရက် အစည်းအဝေးဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပြီးတော့ကော မွန်ညီညွတ်ရေးပါတီ ရှေ့ရေးဟာ ဘယ်လိုမျိုး ဖြစ်လာနိုင်ပါသလဲ။

နိုင်ရဲဇော် – ရုပ် ပုံသဏ္ဍာန်အနေနဲ့ မပြောင်းလဲသွားနိုင်ပေမဲ့ စိတ် ပုံသဏ္ဍာန်အနေနဲ့ ပြောင်းလဲသွားတာပေါ့။ မတူညီတဲ့ အတွေးအခေါ်တွေ ရှိနေခဲ့ပြီလို့ သုံးသပ်ရတာပေါ့။ ကြီးမားတဲ့ အမြင် အယူအဆတွေ ရှိနေခဲ့ပြီ ဒီတစ်ခု သုံးသပ်ရတယ် ဒါကို ကျွန်တော်တို့ ပြန်လည်ပြီးတော့ တည့်မတ်နိုင်မလား မတည့်မတ်နိုင်ဘူးလား ဆိုတာ တစ်ချက် အတွေးပေါ်တယ်။

ပြန်တည့်မတ်ဖို့ ဘယ်လို ကိစ္စရပ်တွေ ပြန် ဆောင်ရွက်မလဲပေါ့။ ဒီလိုပဲ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ အတွေးအခေါ်တွေ ရှိတတ်ပေမဲ့ ကြီးမားတဲ့ သဘောထား ကွဲလွဲမှုမျိုး မဖြစ်အောင် ထိန်းသိမ်းထားနိုင်ရင်တော့ ကောင်းတာပေါ့။ သို့သော် အခုဟာ ကြီးမားတဲ့ သဘောထား ကွဲလွဲမှုတော့ ဖြစ်သွားတယ်လို့ ယူဆပါတယ်။

ဒါဟာ တော်တော်လေး ပြန်ပြီးတော့ ကြိုးစားပြီးတော့ ပြန်ပေါင်းထုပ်ရမယ့် ကိစ္စ ဖြစ်သွားမှာပေါ့။ မလွယ်တော့ မလွယ်ဘူး။ နားလည်မှု ရအောင် မနည်း ကြိုးစားရမှာပေါ့။

မေး – ဖြည့်စွက်ပြောလိုတာ ရှိရင် ကဏ္ဍအလိုက် ပြောပြပေးပါ။

ဖြည့်စွက်ပြောချင်တာကတော့ (နစက) ကနေပြီးတော့ ပါတီကို တောင်းတဲ့ ကိစ္စက လွဲမှားတယ်လို့ ကျွန်တော် သုံးသပ်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့အနေနဲ့ ကိုယ်စားပြုစေချင်တယ်လို့ ပြောတယ်။ မွန်ပြည်နယ်ဆိုရင် မွန်ပေါ့။ အဲဒီမှာ ပါတီနဲ့ မသက်ဆိုင်တဲ့ လူတန်းစား အစုအဖွဲ့တွေ ရှိပါတယ်။ ရပ်မိရပ်ဖလိုမျိုးတွေ။ ဒီလူတွေကို သူတို့ တာဝန်ပေးသင့်တယ်။ အဲဒါဆိုရင် ဒီ ပြဿနာမျိုး မပေါ်ဘူး။

ပါတီကို လာတောင်းတဲ့ အခါကျတော့ ပါတီဟာ လုပ်မယ် မလုပ်ဘူးဆိုတာက ကျိန်းသေပေါက် ကွဲမှာပဲ၊ ဒါ ဘယ်ပါတီ မဆို။ ဒီ ကွဲပြားမှု ဒဏ်ကို ကျွန်တော်တို့ တိုင်းရင်းသားပါတီမှာ လာခံစားရတာပဲ။ အုပ်စုကွဲတဲ့ ဒဏ်ပေါ့နော်။ တစ်ဖက်က တွေးတာ အခွင့်အရေးပေါ့လေ၊ အခွင့်အလမ်းလို့ တွက်ရင် ရသလို အခွင့်အရေးလို့ တွက်လည်း ရတာပေါ့။ အခွင့်အရေးလေး ပေးလိုက်တဲ့အခါမှာ အယူအဆ မတူတာ ဖြစ်လာတယ်။ သဘောထား ကွဲလွဲတာ ဖြစ်လာရင် ပါတီမှာ အင်အား ယုတ်လျော့တာပဲ။ နံပါတ် (၁) အချက်က အဲဒီလို မလုပ်သင့်ဘူးလို့ ကျွန်တော်မြင်တယ်။

ဒီ ကောင်စီမှာ ထည့်သွင်းဖို့အတွက် ပါတီနဲ့ မဆိုင်တဲ့ ရပ်မိရပ်ဖလိုမျိုး တိုင်းရင်းသားကိုယ်စားလှယ်မျိုး သူတို့ဘာသာ သူတို့ ရှာထည့်ပြီးတော့ ကိုယ်စားပြုစေချင်တယ်ဆိုရင် ပြုခိုင်းလို့လည်း ရတာပဲ။ ပါတီက ကိုယ်စားလှယ် တောင်းလိုက်တာက သူတို့အနေနဲ့ အခွင့်အရေး ပေးလိုက်တယ်လို့ ယူဆပေမဲ့ ပါတီကိုတော့ ထက်ခြမ်းခွဲလိုက်တဲ့သဘောပဲ ဖြစ်သွားတယ်။ ဒါ မလုပ်သင့်ဘူးလို့ တစ်ချက်တွေးတာပေါ့နော်။

နောက်တစ်ချက်ကလည်း ပါတီအနေနဲ့ကလည်း ဒီကိစ္စက ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရေးနဲ့ မပတ်သက်တဲ့အတွက် တတ်နိုင်သမျှ ကိုယ့်ဘက်ကလည်း ချင့်ချိန်ထိန်းသိမ်းနေသင့်တာပေါ့။ ဒီအပေါ်မှာ လုပ်လိုက်တဲ့အခါ ဒီကောင်စီရဲ့ Action တွေဟာ ပါတီတစ်ခုလုံး ပြန် ရိုက်ခတ်လာနိုင်တယ်။

(အပိုင်း ၃ ဆက်လက် ဖော်ပြသွားပါမည်။)

Leave a Reply