အပိုင်း ၂ မှ အဆက်

နိုင်ရဲဇော် – ဒီ ကောင်စီရဲ့ ကောင်းခြင်း ဆိုးခြင်း တစ်ခုလုံးဟာ  ပါတီတစ်ခုလုံး ပြန် ရိုက်ခတ်လာနိုင်တယ်။  ကောင်းခြင်း ဆိုးခြင်းနဲ့ Action တစ်ခုလုံး၊ ပြန်ရိုက်ခတ်မှုတစ်ခုလုံး၊ Reaction တွေအားလုံးကို ပါတီက ခံစားရလိမ့်မယ်။ ပါတီရဲ့ လမ်းကြောင်းအနေနဲ့ ဒါကလည်း မသွားသင့်ဘူးဆိုတာ သုံးသပ်သင့်တာပေါ့နော်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဒါကို အခွင့်အရေးကြီးဆိုပြီး သွားတဲ့အခါကျတော့ ပါတီရဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ၊ နောက် ရှေ့ဆက်ပြီးတော့ ရွေးကောက်ပွဲတွေ၊ ပြည်သူလူထုရဲ့ ကိုယ်စားပြုမှုတွေကို ဆောင်ရွက်တဲ့အခါကျရင် အထင်အမြင်လွဲမှားခံရမှု အများကြီး ဖြစ်သွားနိုင်တယ်။ ကိုယ့်ကို ထောက်ခံတဲ့သူက ဆန့်ကျင်တဲ့သူလည်း ဖြစ်သွားနိုင်တယ်။

ရှိရင်းစွဲ ကိုယ့်အိတ်ကပ်ထဲမှာ ၁၀၀ ရှိတယ်ဆိုရင် ၅၀ ပါသွားမယ်။ ဘာကြောင့်လဲဆိုတော့ ဒီအပေါ်မှာ လက်မခံနိုင်တဲ့ မဲဆန္ဒရှင်တွေလည်း ရှိနေတဲ့အတွက် ကိုယ့်မှာ မဲဆန္ဒရှင် ၁၀၀ ရှိခဲ့ရင် သေချာတယ်၊ အိတ်ကပ်ထဲက ၅၀ ပြန်ပါသွားမယ်။ ဒါကြောင့် ပြောချင်တာက ဒီ အပေါ်မှာ လက်ခံနိုင်တယ် လက်မခံနိုင်ဘူးဆိုတဲ့ မဲဆန္ဒရှင်တွေ ရှိနေတဲ့အတွက် ကိုယ့်အပေါ် ဆန့်ကျင်တဲ့သူတွေ မနှစ်သက်တဲ့ သူတွေလည်း ပို များလာနိုင်တယ်။ ပါတီဆိုတာ ပြည်သူလူထုက မနှစ်သက်ဘူးဆိုရင် သွားလို့ မရဘူး။

 

မေး – နောက်ထပ် ဖြည့်စွက် ပြောချင်တာ ရှိပါသေးသလား

နိုင်ရဲဇော် – နောက်ဆုံးအချက်အနေနဲ့ ပြောရရင်တော့ ဒီဟာကို စဉ်းစားချင့်ချိန်တဲ့အခါမှာ (အစည်းအဝေးမှာ) မဲအရေအတွက်နဲ့ ဆုံးဖြတ်တာပေါ့နော်။ ဗဟိုကော်မတီမှာ အသက်က ဘာဖြစ်သွားလဲဆိုတော့ ‘ဟိုဘက်က ဘာပြောပြော ဒီဘက်က ဘာပြောပြော မဲခွဲကြမယ်ဟေ့’ဆိုပြီး၊ ဒါကလည်း မှားယွင်းတဲ့ လုပ်ထုံးလုပ်နည်းလို့ ကျွန်တော်က နောက်ဆုံးအချက်အနေနဲ့ ပြောချင်တယ်။

 

မေး – ဒါဆိုရင် အဲဒီလို အစည်းအဝေး မဲရလဒ်က ပါတီဝင်တွေရဲ့ သဘောထား၊ မွန်ပါတီကို လေ့လာစောင့်ကြည့်နေသူတွေရဲ့ သဘောထားကို ကိုယ်စားမပြုဘူးဆိုတာမျိုး စွပ်စွဲချင်တာပါလား။

နိုင်ရဲဇော် – အဲဒီမှာ ကျွန်တော် ပြန်ပြောရမယ်ဆိုရင် အဆင့်ဆင့် ပြောပြမယ်၊ ဒါက အရေးကြီးတယ်။ နံပါတ် ၁ – ဒီ ပြဿနာသည် မဲခွဲဆုံးဖြတ်ရမယ့် ပြဿနာမဟုတ်ဘူး။ ဒါကို   နံပါတ် ၁  ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ ပြဿနာသည် အယူအဆနဲ့ ဝါဒရေးရာ အခြေခံတဲ့ ပြဿနာဖြစ်တယ်။ ဒါသည် လူနည်းနည်းက လက်ခံတယ်၊ လူများများက လက်ခံတယ်ဆိုတဲ့ ပြဿနာမဟုတ်ဘူး။ ပါတီရဲ့ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်လား မကိုက်လားဆိုတာကို ဆုံးဖြတ်ရမယ့် ပြဿနာဖြစ်တယ်။

ကျွန်တော်ပြောချင်တဲ့ ဥပမာက လူသတ်မှုကို မဲခွဲဆုံးဖြတ်လို့ မရဘူး။ လူသတ်မှု တစ်ခုကို ဥပဒေအရ အရေးယူမယ်ဆိုရင် ဥပဒေကြောင်းအရ သူသည် ပြစ်မှု မြောက် မမြောက်ပဲ စဉ်းစားရတာဖြစ်တယ်။ အဲဒီလူသတ်မှုကို လူ ၅ ယောက် ရှိတယ်၊ ဘယ်နှယောက်က လူသတ်မှုနဲ့ ချမယ်လို့ ထောက်ခံတယ်၊ ဘယ်နှယောက်က မချဘူးလို့ ကန့်ကွက်တယ်ဆိုတာမျိုးနဲ့ လူသတ်မှုကို ဆုံးဖြတ်လို့ မရဘူး။

လူသတ်မှု တစ်ခု၊ ခိုးဝှက်မှုတစ်ခုကို ဆုံးဖြတ်တယ်ဆိုရင် သူက ဥပဒေကြောင်းအရပဲ ဆုံးဖြတ်ရတာ ဖြစ်တယ်။ အပြစ်ပေးမလား မပေးဘူးလား မဲခွဲဆုံးဖြတ်မယ်ဆိုရင် အဲဒါ မှားတယ်။ ဘာလို့လဲဆိုတော့ တချို့ လူသတ်မှုကို အားပေးတဲ့သူ ဖြစ်သွားလိမ့်မယ်။

ဒီကိစ္စမှာလည်း အဲဒီလိုမျိုး မဲခွဲဆုံးဖြတ်တာသည် မှားတယ်လို့ ကျွန်တော်က သုံးသပ်တယ်။

ဒါ အများက ခွဲဆိုတော့လည်း ကျွန်တော်တို့လည်း ခွဲရတာပေါ့နော်။ ကျွန်တော်ကလည်း ပါတီ ဝင်တစ်ယောက်ဖြစ်တဲ့အတွက် ပါတီက မဲခွဲဆုံးဖြတ်မယ်ဆိုရင် ကျွန်တော် ကန့်ကွက်လို့ မရဘူး။ သို့သော် ကျွန်တော့် အယူအဆအရတော့ ဒါ မဲခွဲဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး။ ပါတီရဲ့ မူဝါဒ စည်းမျဉ်းရေးရာ ကိစ္စဖြစ်တယ်။

အဲဒီတော့ ဒီကိစ္စသည် ပါတီရဲ့ မူဝါဒကို ကျုးလွန်ခြင်း ရှိမရှိဆိုတာကိုပဲ ကျွန်တော်တို့က မရ အရ ဆွေးနွေးဆုံးဖြတ်ရမှာ။ ပါတီရဲ့ မူဝါဒအပေါ်မှာ ကျူးလွန်တယ် မကျူးလွန်ဘူး ကျော်လွန်တယ် မကျော်လွန်ဘူးဆိုတာကိုပဲ ဆွေးနွေးဆုံးဖြတ်ရမှာ။ ကျော်လွန်တယ်ဆိုရင် မလုပ်ရဘူး၊ ဒါပဲ။

မဲခွဲစရာမလိုဘူး။ ကျော်လွန်ခြင်း မကျော်လွန်ခြင်းကို မဲခွဲဆုံးဖြတ်လို့ မရဘူး။

လူသတ်မှုကို ဘယ်သူမှ မဲခွဲ မဆုံးဖြတ်ဘူး။ ပြစ်မှုမြောက် မမြောက်ပဲ ဥပဒေကြောင်းအရပဲ ဆုံးဖြတ်တယ်။ အဲဒီတော့ ဒီကိစ္စမှာ မဲခွဲဆုံးဖြတ်တာ ကျွန်တော့်အမြင်မှာ မှားနေတယ်။

မဲခွဲဆုံးဖြတ်ရင် ဒီဟာကို လက်ခံအောင် စည်းရုံးထားနိုင်တဲ့ဘက်က နိုင်မှာ။ အများညီရင် ဤ ကို ကျွဲ ဖတ်ကြတာပဲ၊ ဒါက ကျွန်တော်တို့ ဗမာနိုင်ငံရေးလောကမှာ ဒီအဆင့်ပဲ ရှိနေသေးတယ်။

သဘောထားရေးရာအရ ဒီဟာသည် ကိုက်တယ် မကိုက်ဘူး မူဝါဒရေးရာအရ ကိုက်တယ် မကိုက်ဘူး ဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ရမယ်။ မူဝါဒနဲ့ မကိုက်ဘူးဆိုရင် လုပ်လို့ မရဘူးလို့ပဲ သုံးသပ်ရမှာ။ မူဝါဒနဲ့ ကိုက် မကိုက်ကို မသုံးသပ်ဘဲနဲ့ ဒါကို မဲခွဲကြမယ်ဟေ့ဆိုတဲ့အခါကျတော့ ဒါ အုပ်စုပြဿနာ ဖြစ်သွားတယ်။

လက်ခံတဲ့ အုပ်စုက ဘယ်နှယောက်ရှိတာလဲ၊ လက်မခံတဲ့ အုပ်စုက ဘယ်နှယောက် ရှိတာလဲလို့ မေးလိုက်တာနဲ့ တူသွားတယ်။ မှန်တာ မှားတာ တပိုင်း၊ မူဝါဒနဲ့ ကိုက်တာ မကိုက်တာ တပိုင်း၊ လက်ခံတဲ့ အုပ်စုက များရင် လက်ခံတဲ့ အုပ်စုက နိုင်သွားမယ်။ လက်မခံတဲ့ အုပ်စုက နည်းရင် လက်မခံတဲ့ အုပ်စု ရှုံးသွားမယ်။ ဒီကိစ္စမှာ မဲခွဲဆုံးဖြတ်တာသည် အမှန်တရားကို ဖော်ထုတ်ခြင်း မဟုတ်ဘူးလို့ ကျွန်တော် မြင်တယ်။

မဲခွဲဆုံးဖြတ်ရမယ့် တခြား ကိစ္စလည်း ရှိတယ်။ ဒါမျိုးတွေလည်း ရှိတတ်ပါတယ်။  ဒါကြောင့်မို့လည်း Voting System ဆိုတာ ရှိနေတာပေါ့နော်။ ဒါကလည်း ရှိတယ်။ သို့သော် ကျွန်တော် မြင်တာက ဒီကိစ္စသည် မဲခွဲဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်ဘူး။ အယူအဆနဲ့ စည်းမျဉ်းစည်းကမ်းအပေါ် အခြေတည်ပြီးတော့ စဉ်းစားဆုံးဖြတ်ရမယ်။

နောက်ပြီးတော့ မဲခွဲဆုံးဖြတ်ရာမှာ ပါဝင်နိုင်စွမ်းပေါ့။ တဝက်ကျော်တဲ့သူထဲမှာ တဝက်ကျော်တဲ့အတွက် အစည်းအဝေး အထမြောက်မယ်။ အဲဒီမှာမှ မဲထပ်ခွဲတယ်။ မဲ ထပ်ခွဲတဲ့အခါမှာ သဘောတခုက တဖက်က ၄၀ ရတယ်၊ တဖက်က ၂၀ ရတယ်ပေါ့နော် သဘောပြောပြတာ။ အဲဒီတော့ လာမတက်တဲ့ ဟိုဖက် တဝက်ကလည်း သူ့အယူအဆက ရှိနေသေးတယ်။ အဲဒီတော့ မဲခွဲဆုံးဖြတ်မယ်ဆိုတဲ့အခါမှာ ကိုယ်စားပြုသူတွေဟာ ဘယ်နှယောက် တက်နိုင်တာလဲ။ လူအများရဲ့ ဘယ်လောက်တက်နိုင်တာလဲ၊ တဝက်ကျော်ရုံနဲ့ပဲ တက်နိုင်သလား။ ဒါဆို မတက်နိုင်သူတွေရဲ့ ဆန္ဒကရော။ သူတို့မှ မတက်နိုင်တာဆိုပေမဲ့ သူတို့ ဆန္ဒ  ဘာရှိသလဲ မဖော်ထုတ်နိုင်ဘူး၊ ဒါ တစ်ချက်နော်။

ကိုယ်စားပြုမှု၊ တက်လာသူတွေကရော၊ တက်လာတဲ့ ဗဟိုကော်မတီဝင် – CC ဆိုပါစို့၊ သူတို့ရဲ့ ရိုးရိုး ပါတီဝင်တွေ ရပ်ကျေးပါတီဝင်တွေ မြို့နယ်ပါတီဝင်တွေကို ဘယ်လောက်များ ကိုယ်စားပြုတဲ့ အယူအဆတွေ ယူလာခဲ့တာလဲ။ သူတို့ရဲ့ ပုဂ္ဂလိကဓိဌာန် အယူအဆနဲ့ပဲ ဒီမဲကို ထည့်တာလား၊ မြို့နယ်ပါတီဝင်တွေ မြို့နယ်အဖွဲ့ဝင်တွေရဲ့ အယူအဆကိုရော ရေရော ရေတွက်ခဲ့သေးရဲ့လား။ မေးရော မေးခဲ့သလား။ အဲဒီတော့ ကိုယ်စားပြုမှု Representative က ဘယ်လောက် ရှိနေတယ် မရှိဘူးဆိုတာက ?

ဒီ အစည်းအဝေးမှာ တဝက်ကျော်ကျော်လေးနဲ့ သူ လုပ်နိုင်သေးတယ်၊ အဲဒီတော့ တခြားတဝက်မှာ၊ ထားပါတော့ ၃ ပုံ ၂ ပုံပဲ လုပ်နိုင်ရင် ၃ ပုံ ၁ ပုံက မပါဘူး၊ အဲဒီ မပါတဲ့ထဲမှာလည်း ကန့်ကွက်တဲ့သူ၊ ခု ပါတဲ့ထဲမှာလည်း လက်ခံတဲ့သူ လက်မခံတဲ့သူ၊ ဆိုတော့ ဒီ အစည်းအဝေး မဲအရေအတွက်က တကယ်တမ်း ကိုယ်စားပြုနိုင်စွမ်းက အရမ်း အားနည်းပါတယ်။

အဲဒီတော့ ကျွန်တော် နံပါတ် ၁ ပြောချင်တာက မဲခွဲဆုံးဖြတ်တာက မမှန်ဘူး။ နံပါတ် ၂ က မဲရလဒ်ကို အခြေပြု စဉ်းစားရင်လည်း လုံးဝ ပြီးပြည့်စုံ မှန်ကန်တဲ့ အဖြေတစ်ခု မဟုတ်ဘူး။ ဒါ ကျွန်တော် ပုဂ္ဂလိက ပြောတာပေါ့နော်၊ ပါတီအနေနဲ့ ပြောတာ မဟုတ်ဘူး။

 

ဟင်္သာမီဒီယာ – ကျေးဇူးတင်ပါတယ်။

 

(ယခု ဖော်ပြထားသော အင်တာဗျူးကို ဟင်္သာမီဒီယာက နိုင်ရဲဇော်ထံ မတ်လ ၁၆ ရက် ညပိုင်းတွင် မေးမြန်းထားခြင်း ဖြစ်ပါသည်။)

 

 

Leave a Reply