မော်လမြိုင်၊ ဇန်နဝါရီ ၁၄

မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုမည့် နိုင်ငံရေးပါတီတစ်ရပ်အား ခြောက်လအတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၄ ရက်က မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ဓမ္မာရုံမှာ ကျင်းပသည့် မွန်ပြည်သူ့ညီလာခ ံနောက်ဆုံးနေ့တွင် ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ပါတီဖွဲ့စည်းနိုင်ရေး အတွက် မွန်နိုင်ငံရေးသမားများနှင့် မွန်ပညာရှင်များ ပါဝင်သည့် ပါတီဖြစ်မြောက်ရေး ကော်မရှင်ကို အဖွဲ့ဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။

ထိုကော်မရှင်အနေဖြင့် ပါတီဖွဲ့စည်းပုံကို ခြောက်လအတွင်း အပြီးသတ် ရေးဆွဲပေးရမည်ဖြစ်သည်။

“လာမယ့် ခြောက်လအတွင်း တစ်မျိုးသားလုံးကို ကိုယ်စားပြုမယ့် နိုင်ငံရေးပါတီတစ်ရပ်ပေါ်ထွက်လာဖို့နဲ့ ဖွဲ့စည်းပုံကို အတည်ပြုဖို့ ညီလာခံတစ်ရပ်ကျင်းပဖို့ရှိသေးတယ်”ဟု ဘိုးနက်ကျေးရွာဆရာတော် ဘဒ္ဒန္တဝရဝံသက မိန့်ကြားသည်။

ဖွဲစည်းမည့် ပါတီတွင် မွန်အမျိုးသားပါတီ(MNP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP)တို့ ပါဝင်လာနိုင်ရေးအတွက် သုံးလ အချိန်ပေးထားပြီး ပါဝင်လာနိုင်ခြင်း ရှိ မရှိမှာ ပါတီဖြစ်မြောက်ရေးကော်မရှင် ၂၁ ဦး အပေါ် မူတည်ကြောင်း ဆရာတော်က မိန့်ကြားသည်။

မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုမည့် နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မရှင် ၂၁ ဦးကို ဝိုင်းဝန်းကူညီ ကြီးကြပ်စောင့်ကြည့်နိုင်ရေးအတွက် သံဃာတော်များနှင့် မွန်ပြည်သူများ (၁၉) ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။

ဇန်နဝါရီ ၁၃ ၊ ၁၄ ရက် နှစ်ရက်ကြာ ကျင်းပခဲ့သည့် ညီလာခံ ထုတ်ပြန်ချက်တွင် မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုမည့် နိုင်ငံရေးပါတီပေါ်ထွက်လာပါက တစ်မျိုးသားလုံး၏ ကိစ္စရပ်များနှင့် မွန်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်သွားရန် ညီလာခံမှ တာဝန်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်နိုင်ငံရေးပါတီများနှင့် မွန်နိုင်ငံရေးသမားများ၊ မွန်အရေးကို လှုပ်ရှားနေသူများအားလုံး မွန်တစ်မျိုးသားလုံး၏ မျက်နှာကို ထောက်ပြီး ဝိုင်းဝန်းပူးပေါင်းပါဝင်ပေးကြပါရန် လေးလေးနက်နက် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Written by ရွှေရိုး

Leave a Reply