ပြည်တွင်း၌ နှစ်နှစ်ခန့်ကြာအောင် စျေးကျဆင်းနေသောရာဘာစျေးကမတ်လဆန်းပိုင်းတွင် ပြန်လည်တက်ရိပ်ပြလာသည်။

ရွှေဖြူဟုမွန်ပြည်နယ်အတွင်းတင်စားခေါ်ဝေါ်ကြသောရာဘာစျေးနှုန်းမှာ ၂၀၁၄ ခုနစ်မတိုင်မီကတစ်ပေါင်လျှင် ၁၈၀၀ ကျပ်အထိပင်စျေးပေးဝယ်ယူခဲ့သော ရာဘာမှာ ပြီးခဲ့သည့်နှစ်များအတွင်းစျေးများကျဆင်းခဲ့ရာတစ်ပေါင်လျှင် ၄၅၀ ကျပ်မှ ၅၀၀ ကျပ်အကြား၌ သာပေါက်စျေးှရှိခဲ့သည်။


၂၀၁၆ ခုနှစ်၏ နွေဦးကာလဖြစ်သောမတ်လဆန်းမှစ၍ စျေးတဖြည်းဖြည်းပြန်မြင့်တက်ခဲ့ရာမတ်လ ၂၃ ရက်နေ့တွင် တစ်ပေါင် ၆၂၅ ကျပ်ဝန်းကျင်အထိရောက်ရှိလာကြောင်း ပြည်တွင်းရာဘာလုပ်ငန်းရှင်များထံမှ သိရသည်။

ပုံမှန်ပေါက်စျေးအထိ ပြန်မမြင့်သေးသော်လည်း ခြံပိတ်သိမ်းထားရသည်အထိအရှုံးများကြားလဲပြိုနေသောမွန်ပြည်နယ်မှ ဒေသခံလုပ်ငန်းရှင်များအတွက်မူမျှော်လင့်ချက်တစ်ခုရရှိလာသည်။

တစ်နည်းအားဖြင့်ဆိုရသော် မွန်တို့အတွက် ရွှေဖြူပြန်လှည့်လာပြီလော

စျေးကျခြင်းအရင်းမြစ်

အကြောင်းအမျိုးမျိုးကြောင့်ရာဘာစျေးနှုန်းကျဆင်းခဲ့ရခြင်းဖြစ်သည်။

တရုတ်စျေးကွက်တစ်ခုသာပင်မအားထားနေရသည့် မြန်မာ့ရာဘာမှာကမ္ဘာ့စျေးကွက်အတွင်းရာဘာစျေးလိုက်လံကျဆင်းခြင်းနှင့်အတူစျေးထိုးကျခဲ့ခြင်းဖြစ်သည်။

စျေးကွက်သဘောတရားများအရဝယ်လိုအားနည်း၍ ရောင်းလိုအားများခြင်းကြောင့် ကုန်စည်စျေးများကျဆင်းခြင်းမှာအခြေခံအကျဆုံးအဖြေတစ်ခုဖြစ်ပြီးရာဘာမှာလည်းကမ္ဘာ့စျေးကွက်တွင်းထိုအခြေအနေကြောင့်ပင် စျေးကျဆင်းခဲ့ခြင်းဖြစ်ကြောင်းမွန်ပြည်နယ်အတွင်းရှိရာဘာစိုက်ပျိုးကျသူများနှင့် ရာဘာအဝယ်ဒိုင်များကပြောကြားသည်။

ထို့အတူ ၎င်းတို့ပင် ရာဘာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများမှ ပြောကြားချက်များကိုကိုးကား၍ ကမ္ဘာ့စီးပွားရေးကျဆင်းခြင်းမှာလည်းရာဘာဝယ်လိုအားလျော့ကျလာခြင်း၏ အကြောင်းရင်းများတွင် တစ်ရပ်အပါအဝင် ဖြစ်ကြောင်းဆိုကြသေးသည်။

မော်လမြိုင်မြို့၊ခြောက်မိုင်ကျေးရွာကျိုက်မရောလမ်းပေါ်ရှိစိန်ပွင့်ရာဘာရောင်းဝယ်ရေးဆိုင်ပိုင်ရှင် ဦးတင်မောင်ချိုကမူဒေသတွင်းနိုင်ငံများ၌ ရာဘာစိုက်ပျိုးထုတ်လုပ်မှုပိုများလာခြင်းကြောင့် စျေးကွက်အတွင်းရာဘာရောင်းလိုအားပိုများလာ၍ စျေးများကျဆင်းခဲ့ခြင်းဖြစ်နိုင်ကြောင်းခန့်မှန်းပြောဆိုသည်။

” လတ်တလောရောင်းလိုအားများနေတယ်။ ဗီယက်နမ်တို့ ဆိုရင် စိုက်လာတာနောက်ပိုင်းတော်တော်များတယ် “ဟုဆိုလေသည်။

ကမ္ဘာ့ရေနံစိမ်းစျေးကျဆင်းခြင်းမှာလည်းရာဘာစျေးကွက်အတွင်းရာဘာဝယ်လိုအားနည်း၍ ရောင်းလိုအားများအောင်တွန်းပို့ခဲ့သောအချက်များတွင်ပါဝင်သည်ဟုလည်းမွန်ပြည်နယ်ဒေသခံရာဘာလုပ်ငန်းရှင်တို့ကဆိုကြသည်။

“ရေနံစိမ်းစျေးကျတော့ ရေနံကထုတ်တဲ့ SynytheticRubber(ရာဘာတု)ကိုပိုထုတ်လာကြတယ်။အဲတော့ စျေးကွက်ထဲမှာပစ္စည်းတွေများလာလို့ စျေးကျဆင်းလာတယ်လို့လည်းဆိုကြတယ်” ဟုပြောကြားလာသူကားမွန်ပြည်နယ်ရာဘာလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ နိုင်ကျန်ရစ်ဖြစ်သည်။

နိုင်ကျန်ရစ်အပါအဝင် ရာဘာလုပ်ငန်းရှင်အချို့ပြောသည်မှာမှန်၊မမှန် အတည်မပြုနိုင်သော်လည်းကမ္ဘာ့စျေးကွက်အတွင်းရာဘာစျေးကျဆင်းချိန်နှင့် ရေနံစျေးကျဆင်းချိန်မှာတော့ အမှန်ပင်တိုက်ဆိုင်နေသည်။

ရာဘာစျေးမှာ ၂၀၁၃ ခုနှစ်နှစ်ကုန်ပိုင်းတွင် စတင်ကျဆင်းခဲ့ခြင်းဖြစ်ပြီးကမ္ဘာ့ရေနံစိမ်းစျေးမှာလည်းအဆိုပါအချိန်၌ ကျဆင်းနေသည်။

အထူးသဖြင့် ရာဘာစျေးဆိုးဆိုးရွားရွားကျဆင်းခဲ့သည်ဟုဒေသခံများကဆိုသော ၂၀၁၅ ခုနှစ်အတွင်းကမ္ဘာ့ရေနံစိမ်းစျေးမှာလည်း ၂၀၀၉ ခုနှစ်နောက်ပိုုင်းပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၄၀ ဝန်းကျင်သို့ ထပ်မံကျဆင်းခဲ့သည်။

ဖိနပ်မှစ၍ မော်တော်ကားနှင့် လေယာဉ်ပျံများအထိပင် အသုံးပြုနိုင်သောရာဘာ ပြည်တွင်း၌ စျေးကျဆင်းမှုသည် ယခုတစ်ခေါက်တွင်ပထမဆုံးမဟုတ်ဘဲ ၂၀၀၈ ခုနှစ်ဝန်းကျင်ခဲ့ကလည်းတစ်ပေါင်လျှင် ၄၅၀ ကျပ် အထိကျဆင်းခဲ့သည်။

သို့သော် ကျဆင်းသည့်ကာလမှာမူ ယခုလောက်အထိမကြာမြင့်ခဲ့ကြောင်း သံဖြူဇရပ်မြို့မှ ရာဘာစိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

အကျိုးခံစားရသူများ

စျေးကျဆင်းမှုကြောင့် မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိစိုက်ခင်းများ၏ ရာဘာအဓိကဖောက်သည် တရုတ်နိုင်ငံကအကျိုးအမြတ်ရှိမရှိကိုအတိအကျမဆိုနိုင်သော်လည်းရာဘာစိုက်ပျိုးရေးလုပ်ငန်းရှင်များအကျပ်အတည်းများဖြစ်ပေါ်ခဲ့ကြသည်။

စျေးကျဆင်းသည့်ဒဏ်ကိုရာဘာစိုက်ပျိုးသူတိုင်းခံစားကြသည်။ သို့သော် ဧကထောင်ချီစိုက်ပျိုးနေသည့် ကုမ္ပဏီကြီးများမှာမသိသာခဲ့ဘဲဧကဆယ်ဂဏန်းစိုက်ပျိုးသူများမှာသိသိသာသာထိခိုက်ခဲ့သည်ဟုမော်လမြိုင်မြို့အနီးရှိဒေသများမှ ရာဘာလုပ်ငန်းရှင်များကဆိုကြသည်။

” အဓိက က တောင်သူတွေပဲထိတာပေါ့။ ကျွန်တော်တို့တောင်မှ စျေးကျရင်ကျတဲ့စျေး ပြန်ကောက်လို့ ရသေးတယ်။ တိုးရင်တိုးတဲ့စျေးကောက်လို့ရသေးတယ်” ဟုရာဘာခြံသုံးပစ္စည်း၊ ဓါတ်မြေသြဇာနှင့် စိုက်ပျိုးရေးသုံးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများကိုပါလုပ်ကိုင်သူရာဘာအဝယ်ဒိုင်လုပ်ငန်းရှင် ဦးတင်မောင်ချိုကရှင်းပြသည်။

ဦးတင်မောင်ချိုသည် ကိုယ်တိုင်လည်းရာဘာစိုက်ပျိုးသည့်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီးရာဘာနှင့်ပက်သတ်သည့် လုပ်ငန်းများလုပ်ကိုင်လာသည်မှာဆယ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည်။

ရာဘာစျေးကျဆင်းမှုကြောင့်အရှုံးပေါ်ကြခြင်းအပြင် ဆယ်ဧကအောက် ရာဘာလုပ်ငန်းရှင်များပထမဆုံးရင်ဆိုင်လာရသည်မှာအစေး ခြစ်ပေးသူရှားပါလာခြင်းဖြစ်သည်။

မွန်ပြည်နယ်ရှိရာဘာခြံများ၌ ရာဘာအစေးခြစ်သူများကိုရာဘာပြားများရောင်း၍ရသည့်ပမာဏအပေါ်မူတည်၍ ရာခိုင်နှုန်းဖြင့်ခွဲပေးသည့်စနစ်ဖြင့် လုပ်ကိုင်လျက်ရှိကြောင်းမွန်ပြည်နယ်ရာဘာလုပ်ငန်းရှင်များထံမှ သိရသည်။

ယခင်ကရာဘာစျေးကောင်းစဉ်ကတစ်ရက်လျှင် ရာဘာလှီးသူတစ်ဦးမှာကျပ်တစ်သောင်းကျော်ဝင်ငွေရှိခဲ့ရာမှ စျေးကျဆင်းလာရာတွင်မူတစ်ရက်လုပ်အားခကျပ် သုံးထောင်၊လေးထောင် ဝန်းကျင်အထိကျဆင်းလာခဲ့သည်ဟုဆိုကြသည်။

ရာဘာစိုက်ပျိုးခြင်းကိုအနှစ်နှစ်ဆယ်ကျော်ကြာလုပ်ကိုင်ခဲ့သည့် နိုင်ကျန်ရစ်က “စျေးကျတဲ့ အခါ သုံးထောင် လေးထောင် ဆိုတော့ သူတို့ မလုပ်နိုင်တော့ဘူး” ဟုရှင်းပြသည်။

အစေးခြစ်သူများရှားပါးလာစဉ်တွင် လူသစ်များဖြင့်လုပ်ကိုင်ကြသူများရှိသော်လည်းအများစုမှာအပင်ထိခိုက် မည်ကိုစိုးရိမ်သောကြောင့် ခြံများကိုရပ်ဆိုင်းထားခဲ့ကြကြောင်း ၎င်းကပင် ထပ်လောင်းရှင်းပြသည်။

ထို့အတူအထွက်နှုန်းနည်းသည့့်ခြံများမှာလည်းအစေးခြစ်ရန်တွက်ခြေမကိုက်၍ ရပ်ဆိုင်းထားရသေးကြောင်းဒေသခံရာဘာစိုက်ပျိူးထုတ်လုပ်သူများထံမှ သိရှိရသည်။

ဖော်ပြပါ ပြဿနာများကိုအဓိကရင်ဆိုင်ခဲ့ရသည်မှာဆယ်ဧကအောက် စိုက်ပျိုးထုတ်လုပ်သူအများစုဖြစ်ကြပြီးရာဘာဧကရာထောင်ချီစိုက်ပျိုး၍ အထွက်နှုန်းကောင်းမျိုးစိုက်သူများမှာမူသက်သာခဲ့ကြကြောင်းဒေသခံရာဘာလုပ်ငန်းရှင်အများစုကဆိုကြသည်။

သို့သော် မွန်ပြည်နယ်အတွင်းရှိဒေသခံရာဘာစိုက်ပျိုးထုတ်လုပ်သူဦးရေ၏ ရှစ်ဆယ်ရာခိုင်နှုန်းမှာဆယ်ဧကအောက်လုပ်ငန်းရှင်များဖြစ်ကြသည်။

ယင်းကြောင့် ဧကငါးသိန်းနီးပါးရှိသောတစ်ပြည်နယ်လုံးရှိစိုက်ပျိုးမှု ဧကစုစုပေါင်း ၏ ၄၀ ရာခိုင်နှုန်းကိုအစေးမခြစ်ဘဲထားရှိထားရကြောင်းကိုယ်တိုင်လည်းခေတ္တရပ်ဆိုင်းထားရသည်ဆိုသောမွန်ပြည်နယ်ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ဥက္ကဋ္ဌ နိုင်ကျန်ရစ်ကမှတ်စုစာအုပ်အတွင်းရှိစာရင်းဇယားများကို ကြည့်ရှု၍ ပြောဆိုသည်။

မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ပို့ကုန်မဟာဗျူဟာစီမံကိန်းတွင်ပါဝင်သောရာဘာကိုစိုက်ပျိုးမှုအများဆုံးပြည်နယ်ဖြစ်ပြီးအထွက်နှုန်းအများဆုံးဒေသလည်းဖြစ်ကာတစ်နိုင်ငံလုံးရှိရာဘာအထွက်နှုန်း၏ ခြောက်ဆယ်ရာခိုင်နှုန်းကျော်မှာအဆိုပါဒေသမှ ထွက်ရှိနေခြင်းဖြစ်သည်။

စျေးပြန်ကောင်းပြီလော

နွေဦးကာလဖြစ်သောမတ်လဆန်းအရောက်တွင်မူထိုင်းနှင့် ဂျပန် စျေးကွက်များတွင် ရာဘာပေါက်စျေးများ ပြန်လည်မြင့်တက်လာပြီးနောက် မြန်မာနိုင်ငံမှ ပြည်တွင်းရာဘာပေါက်စျေးများမှာတစ်ပေါင်လျှင် ကျပ် ၅၀၀ ကျော်မှ တဖြည်းဖြည်းမြင့်တက်လာခဲ့သည်။

လတ်တလောပေါက်စျေးမှာမူတစ်ပေါင်လျှင် ကျပ် ၆၀၀ ကျော်သို့ရောက်ရှိနေပြီဖြစ်သည်။

“စျေးတက်တာတော့ မဟုတ်သေးဘူး။ စျေးကျနေတာကနေသူ့နေရာမှန်ကို ပြန်လာဖို့ အရောင်သန်းလာတာပေါ့” ဟုမျှော်လင့်ချက်များဖြင့်စောင့်ဆိုင်းနေသောရာဘာလုပ်ငန်းရှင်များတွင်တစ်ဦးအပါအဝင်ဖြစ်သည့် နိုင်ကျန်ရစ်ကဆိုလေသည်။

ထိုင်းအပါအဝင် ကမ္ဘာ့ရာဘာစျေးကွက်များတွင်တော့ ရေနံစျေးပြန်တက်လာခြင်းနှင့်အတူရာဘာစျေးများ ပြန်တက်လာသည်ဟုလည်းပြောဆိုနေကြကြောင်း ပြည်တွင်းလုပ်ငန်းရှင်အချို့ကဆိုကြသည်။

၂၀၁၅ ခုနှစ်နှစ်ကုန်ပိုင်းကတစ်စည်လျှင် ဒေါ်လာ ၃၀ အထိစံချိန်တင်ကျဆင်းမှုများဖြစ်ပေါ်ခဲသောကမ္ဘာ့ရေနံစိမ်းစျေးမှာတဖြည်းဖြည်းချင်းပြန်လည်မြင့်တက်လာရာမတ်လ ၂၁ ရက်နေ့တွင် ၃၉ ဒေါ်လာဝန်းကျင်မှ ၄၁ ဒေါ်လာဝန်းကျင်အထိပေါက်စျေးရှိနေသည်။

ဦးတင်မောင်ချိုကတော့ ပြည်ပစျေးကွက်များနှင့်ပတ်သက်၍ ၎င်းအနေဖြင့် မှန်းဆရန် လက်လှမ်းမမီသော်လည်း ပြည်တွင်းစျေးကွက်တွင်မူအချိန်အခါအရရာဘာရှားပါးချိန်ရောက်ရှိနေပြီဟုဆိုနိုင်ကြောင်းထောက်ပြ ပြောဆိုသည်။

“ပြည်တွင်းအနေနဲ့ချိန်ရင် ပစ္စည်းကပါးသွားပြီ။မကိုက်တော့ဘူး။အပူပိုင်းဘက်ခြမ်းဖြစ်လာရင် အစေးသိပ်မထွက်တော့ဘူး။ ပိတ်တဲ့ခြံတွေ တစ်ဝက်လောက်နီးနီးဖြစ်သွားပြီ”ဟုဆိုသည်။

ရာဘာမှာ ပူသောရာသီများတွင် အစေးထွက်နည်းလေ့ရှိသည်။ ယင်းကြောင့် ယခုကာလသည် ရာဘာပစ္စည်းရှားပါး၍ စျေးကွက်အတွင်းရောင်းလိုအားနည်းလာခြင်းကြောင့် စျေးတက်ခြင်းမျိုးလည်းဖြစ်နိုင်ကြောင်းဒေသခံရာဘာလုပ်ငန်းသမားများကပြောဆိုကြသည်။

ဆိုင်သို့လာသွင်းမည့် ရာဘာပြားများကိုချင်တွယ်သောစီထွာအီလက်ထရွန်နစ်ကတ္တားအနီးမလှမ်းမကမ်းတွင်ထိုင်နေသောဦးတင်မောင်ချိုက ” လုပ်သားကိုပေးလိုက်ပြီးလို့ကိုယ့်အတွက် ဘာမှမကျန်လောက်ဘူးဆိုရင် တချို့ခြံတွေကအပင်အနာခံပြီးမခြစ်ကြတော့ဘူး” ဟုပင် ဆိုလိုက်သေးသည်။

ဘာတွေပြင်ရမလဲ

၁၉၀၅ ခုနှစ်တွင်မြန်မာနိုင်ငံ၌ စီးပွားဖြစ်စတင်လုပ်ကိုင်ခဲ့သော ရာဘာမှာ မွန်ပြည်နယ်အတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသောလုပ်ငန်းတစ်ခုဖြစ်သလိုနိုင်ငံတကာအဖွဲ့အစည်းများနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲထားသောအမျိုးသားပို့ကုန်မဟာဗျူဟာတွင် ထည့်သွင်းရေးဆွဲခံထားရသောစက်မှုကုန်ကြမ်းပစ္စည်းလည်းဖြစ်သည်။

ထိုသို့သောမျှော်လင့်ချက်များအထားခံနေရသည့် ရာဘာ၏ အထွက်နှုန်းနှင့်အရည်အသွေးပိုင်း မြှင့်တင်ရန် လိုအပ်ကြောင်းကိုတော့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်တွင်းရာဘာလုပ်ငန်းရှင်များကတစ်ညီတစ်ညွှတ်တည်းပြောဆိုလေ့ရှိကြသည်။

ကိုယ်ပိုင်မှိုင်းခံရုံဖြင့် ထုတ်လုပ်နေသောဦးတင်မောင်ချိုကတော့ တင်ပို့ရမည့်စျေးကွက်အသစ်များ၊ ပြည်နယ်အတွင်းတိုက်ရိုက်လာရမည့် အခြားနိုင်ငံများမှဝယ်လက်များပေါ်ပေါက်အောင်ဖန်တီးပေးနိုင်ကမူအရည်အသွေးများကိစ္စမှာအဆင်ပြေစေမည်ဖြစ်ကြောင်းယုံကြည်လျက်ရှိသည်။

မွန်ပြည်နယ်ထွက်ရာဘာအများစုကို မန္တလေးနှင့်မူဆယ်မြို့များမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေရခြင်းဖြစ်ပြီးယင်းစျေးကွက်တစ်ခုတည်းသာအားထားရာနေရာဖြစ်နေသည်။

ပြည်နယ်အတွင်းရှိဒေသခံတောင်သူများကိုလိုချင်သည့် အရည်အသွေးကိုပြ၍ ကမ္ဘာ့ပေါက်စျေးအတိုင်းအခြားနိုင်ငံများကတိုက်ရိုက် လာရောက်ဝယ်ယူနိုင်အောင် အစိုးရကဖန်တီးပေးနိုင်ပါကအဆိုပါကိစ္စရပ်မှာအလိုအလျောက် အဆင်ပြေစေမည်ဖြစ်ကြောင်းဦးတင်မောင်ချိုက ဖြည့်စွက်ရှင်းပြသည်။

အထွက်နှုန်းကောင်းမွန်သည့်နည်းသစ်များဖြစ်သည့် PBM 24 ၊ PB 260 ၊ PB 235 အစရှိသောမျိုးသစ်များကိုအစားထိုးစိုက်ပျိုးပါကအစေးခြစ်၍ ရာဘာပြန်ထုတ်ရန် ခုနှစ်နှစ်ခန့် စောင့်ရမည်ဖြစ်သောကြောင့် အဆိုပါကာလအတွင်းအရင်းအနှီးဖြစ်သည့် ငွေကြေးချေးပေးရန်လိုအပ်ကြောင်း ၎င်းတို့ကထပ်လောင်းပြောဆိုကြသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အကြံပေးဒေါက်တာမောင်အောင်ကမူ “အရင်းအနှီးအတွက် နောက်ပိုင်းကျရင် ဖြစ်လာမယ်။ ကူညီပေးချင်တဲ့လူရှိတယ်။ အစိုးရအသစ် တက်လာလို့ရှိရင် အကူအညီတွေကအများကြီးလာမှာပါ” ဟုရှင်းပြသည်။

ထို့အတူဒေသခံရာဘာစိုက်ပျိုးသူများသည်လည်းအချင်းချင်းပူးပေါင်းဆောင်ရွက်သင့်ကြောင်း ၎င်းက အကြံပြုပြောဆိုသည်။

မှိုင်းခံမည့်ရုံပြဿနာအတွက်ကိုမူလက်ရှိတွင် ပေါင်မြို့နယ်ရှိရာဘာစိုက်ပျိုးသူများကစုပေါင်း၍ စတင်လုပ်ဆောင်နေကြ ပြီးယင်းနေရာတွင်အောင်မြင်ပါကသထုံနှင့် ကျိုက်မရောမြို့များရှိဆယ်ဧကအောက်လုပ်ငန်းရှင်များကလည်းစုပေါင်းလုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်းမွန်ပြည်နယ်ရာဘာလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

သို့သော် ချေးငွေအပါအဝင် လိုအပ်သည့် ပံ့ပိုးမှုများကိုအစိုးရထံမှ မရရှိပါကမူရင်ဆိုင်ရန်ခက်ခဲမည်ဖြစ်ကြောင်းဒေသခံရာဘာလုပ်ငန်းရှင်များကတစ်ညီတစ်ညွတ်တည်းဆိုကြသည်။

ဧပြီလတွင် မွန်ပြည်နယ်၏ အစိုးရအဖွဲ့ကို ၂၀၁၅ ခုနစ်အောက်တိုဘာလအတွင်းရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က စတင်လွှဲပြောင်းတာဝန်ယူတော့မည်ဖြစ်သည်။

ယင်းသို့ပင် NLD ပါတီ၏ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကြေညာစာတမ်းတွင်မူဆန်စပါးအပါအဝင်အလားအလာရှိသော ပြည်ပပို့ကုန်သီးနှံများတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်ပစျေးကွက်များတွင် ထုတ်လုပ်မှုအရေအတွက်၊ အရည်အသွေးနှင့် ထုတ်လုပ်မှုစျေးနှုန်းအရနိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရေးကိုအားပေးကူညီဆောင်ရွက်မည်ဖြစ်ကြောင်းဖော်ပြထားသည်။

ထို့အတူ NLD ပါတီ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကမူအစိုးရတာဝန်လွှဲပြောင်ပြီးပါကရေရှည်ဖြေရှင်းရမည့် အဓိကပြဿာနာများဖြစ်သောရာဘာခြံလုပ်ငန်းအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းများကိုဖြေရှင်း၍ အခြားနိုင်ငံများသို့ တင်ပို့မှုုမြင့်တက်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်းထပ်လောင်းပြောကြားထားသည်။

ပြည်နယ်၏ အဓိကအခြေခံစီးပွားရေးဖြစ်သောရာဘာစျေးမြှင့်ရေးပြဿနာမှာ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ပြီးမွန်ပြည်နယ်သားများ၏ စီးပွားရေးကိုကိုယ်ချင်းစာ၍ အဆိုပါရာဘာပြဿနာကိုဖြေရှင်းပေးသင့်ကြောင်းရာဘာလုပ်ငန်းကိုဆယ်နှစ်နီးပါးလုပ်ကိုင်ခဲ့သည့် ဦးတင်မောင်ချိုကပြောဆိုသည်။

“ကိုယ်တို့ အခြေခံစီးပွားရေးကရာဘာပဲလေ။အခြေခံစီးပွားရေးကောင်းမှ ကျန်တာလုပ်လို့ရမယ်။ အခြေခံစီးပွားရေးမကောင်းဘဲနဲ့ ဘာမှလုပ်လို့မရဘူး” ဟုဆိုလေသည်။

Leave a Reply