Advertisements

မော်လမြိုင်၊ သြဂုတ်

ဝါခေါင်လပြည့်နေ့တွင် ကျရောက်မည့် (၇၂) ကြိမ်မြောက်မွန်တော်လှန်ရေးနေ့ အခမ်းအနားတွင် မွန်ခေါင်းဆောင်(၁၈) ဦးတို့ကို ဂါရဝပြုခြင်း၊ လွမ်းသူ့ပန်းခွေချခြင်း၊ မိန့်ခွန်းဖတ်ကြားခြင်း စသဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (၇၂)ကြိမ်မြောက် မွန်တော်လှန်ရေး
နေ့ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ထိုင်းနိုင်ငံ၊ ဝင်္ကဆရာတော် ဘဒ္ဒန္တဥတ္တမရမ္ဘထေရ်၊ မော်လမြိုင်မြို့၊ သိမ်ကုန်ရပ်ကွက်ရှိ  ပဲခူးပရိယတ္တိစာသင်တိုက်ကျောင်းမှ ဆရာတော် ဘဒ္ဒန္တသီလစာရနှင့် မွန်နိုင်ငံရေးသမား နိုင်ငွေသိမ်းတို့ကို ယခုနှစ် ကျင်းပမည့်တော်လှန်ရေးနေ့အခမ်းအနားတွင် ဂါရဝပြုသွားရန် ထည့်သွင်းထားကြောင်း (၇၂) ကြိမ်မြောက်မွန်တော်လှန်ရေးနေ့ ဖြစ်မြောက်ရေး ကော်မတီမှမိစန္ဒာနွန်က ပြောသည်။

ဝင်္ကဆရာတော်မှာ ယမန်နှစ်ကတည်းက ထည့်သွင်းထားခြင်းဖြစ်ပြီး ဆရာတော်၏ သမိုင်းကြောင်းများကိုအချိန်မီရှာတွေ့နိုင်ခြင်း မရှိသော်လည်း ရေးမြို့သူ၊ မြို့သားများ၏ တောင်းဆိုချက်အရ ထည့်သွင်းပေးထားခြင်းဖြစ်ပြီး မွန်နိုင်ငံရေးခေါင်းဆောင် နိုင်ငွေသိမ်းက ၎င်း၏ဘဝတစ်ခုလုံးသည်  ကွယ်လွန်သွားသည်အထိလူမျိုးအတွက်အသက် ပေးဆပ်ခဲ့သည်မှာ အားလုံးအသိပင် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပဲခူးကျောင်းဆရာတော်အနေနဲ့ကတော့ မွန်နှစ်ပါတီပေါင်းစည်းရေး ကိစ္စတွေမှာ အများကြီးစွမ်းဆောင်ပေးထားတယ်။ ကျန်းမာရေး မကောင်းပေမယ့် လူမျိုးအတွက် သာသနာအတွက် အချိန်ပေးပြီးတော့ ဆောင်ရွက်ထားတယ်”ဟု မိစန္ဒာနွန်က ပြောသည်။

ယခုနှစ်တွင် ပငကျေးရွာနှင့် နှီးပဒေါကျေးရွာ စသည့်အခြားရွာတွင်ထားရှိထားသည့်ခေါင်းဆောင်များ၏အုတ်ဂူတွင်လူငယ်များ၏ အသွားအလာအခက်အခဲများကြောင့် သွားရောက်ဂါရဝပြုနိုင်မည်မဟုတ်သောကြောင့် မုဒုံမြို့နယ်၊ ဝင်းစိန်တောရဘုန်းတော်ကြီးကျောင်းဝင်းအတွင်း အာဇာနည်ကုန်းတွင်သာ မွန်တော်လှန်ရေးနေ့ ဗဟိုအဖြစ် ခေါင်းဆောင်များအားလုံးကို ဂါရဝပြုသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

နှစ်စဉ်နှစ်တိုင်း ကျင်းပသည့် မွန်တော်လှန်ရေးနေ့တွင်မွန်လူငယ်များသည် ဘင်ခရာအဖွဲ့များနှင့်အတူကွယ်လွန်သွားသည့် မွန်ခေါင်းဆောင်တို့၏အထိမ်းအမှတ်အုတ်ဂူများရှိရာနိုင်အောင်ထွန်း ပငရွာ၊ နိုင်နွန်လာ နှီးပဒေါရွာ၊ နိုင်ရော့စ ကလော့သော့ရွာ၊ နိုင်ထင် ကျိုက်ရွဲရွာ၊ နိုင်ဖိုးစိန် ကမာဝက်မြို့၊ နိုင်ထွန်းသိန်းနှင့့် နိုင်သိန်းမောင်ပေါင်မြို့ အရှင်ကောသလ္လ ရွာလွတ်ရွာ တို့ကို ဂါရဝပြုခဲ့ကြသည်။

တရားဥပဒေဘောင်တွင်းမှ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော မွန်ပြည်နယ်ရရှိရေး တောင်းဆိုမရသည့်အဆုံးတွင် ဖဆပလ အစိုးရ၏လုံခြုံရေးတပ်စခန်းတစ်ခုအား မွန်လူငယ်တစ်စုက လက်နက်လုယက်သိမ်းပိုက်အောင်မြင်ခဲ့သည့် မြန်မာသက္ကရာဇ် ၁၃၁၀ခုနှစ် ဝါခေါင်လပြည့်နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ်သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ရွှေရိုး

Advertisements
<

Leave a Reply