မော်လမြိုင် စက်တင်ဘာ ၂

၇၃ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပသည့် မွန်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်အား ဂါရဝပြုခြင်းအစီအစဉ်ကို ကိုဗစ် – ၁၉ ကပ်ရောဂါ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းအရ လူဦးရေ အကန့်အသတ်ဖြင့် ပြုလုပ်ခဲ့ကြောင်း အခမ်းအနားဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

“ကပ်ရောဂါအခြေအနေကြောင့်၊ ကျန်းမာရေးအကြောင်းကြောင့် ကျွန်တော်တို့ တစ်ကြိမ်ကို လူအင်အား အယောက် ၃၀ ထက်မပိုအောင် စီမံခန့်ခွဲပြီးတော့ သုံးကြိမ်ကျင်းပခဲ့ပါတယ်”ဟု ကော်မတီ အတွင်းရေးမှူး နိုင်ထောလွန် (ခ) နိုင်ဝင်းနိုင်က ဟင်္သာမီဒီယာကို ပြောသည်။

ဝါခေါင်လပြည့်နေ့( စက်တင်ဘာ ၂) က ပေါင်မြို့နယ် မုနိုင်းရပ်ကွက်ရှိ စွယ်တော်သုသာန်တွင် ပြုလုပ်သည့် မွန်ခေါင်းဆောင်ကြီးများအား ဂါရဝပြုအခမ်းအနားတွင် ၎င်းက ယင်းသို့ ဆိုခဲ့သည်။

အခမ်းအနားအစီအစဉ်ကို နံနက်ပိုင်း ၈ နာရီခွဲတွင် ပထမတစ်ကြိမ်၊ ၉ နာရီမတိုင်မီ ဒုတိယအကြိမ်၊ ၉ နာရီ ၃၅ မိနစ်တွင် နောက်တစ်ကြိမ်ဟူ၍ သုံးကြိမ်ခွဲကာ ကျင်းပခဲ့သည်။

မွန်ခေါင်းဆောင်ကြီးများ၏ အုတ်ဂူထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်အောင်က ယခုနှစ် အခမ်းအနားတွင် ပေါင်မြို့နယ်မှသာမက ကျိုက်မရော၊ မုဒုံ၊ ကမာဝက်အပြင် ကရင်ပြည်နယ် ဘားအံမြို့နယ်မှပါ လာရောက်အလေးပြုကြကြောင်း ပြောသည်။

“ဒီနှစ် ကိုဗစ်အခြေအနေ၊ ကျန်းမာရေးအကြောင်းအရ တစ်ခါ အလေးပြုရင် အယောက် ၃၀ ပဲ။ ဒီနှစ် အယောက် ၁၀၀ ဝန်းကျင်ပဲ သတ်မှတ်ထားပါတယ်။ ဒီနှစ်က လူဦးရေ ကန့်သတ်ထားပါတယ်”ဟု နိုင်မွန်အောင်က ပြောသည်။

အမျိုးသားလွတ်မြောက်ရေးအတွက် သက်စွန့်ကြိုးပမ်းခဲ့သည့် မွန်ခေါင်းဆောင်ကြီးများ၏ အုတ်ဂူများကို ယခင်နှစ်များက ဒေသအနှံ့အပြားမှ မွန်လူမျိုးအများအပြား လာရောက် ဂါရဝပြုလေ့ရှိသော်လည်း ယခုနှစ်အဖို့ ကပ်ရောဂါကြောင့် ကျင်းပပုံ တစ်မျိုးပြောင်းလဲခဲ့ရခြင်း ဖြစ်သည်။

ယခုနှစ် ကျင်းပရာ၌ ပထမအစီအစဉ်တွင် မွန်အမျိုးသားသီချင်း သီဆိုကာ အခမ်းအနား ဖွင့်လှစ်ပြီးနောက် ဒုတိယအစီအစဉ်တွင် အမျိုးသားအလံကိုလည်းကောင်း၊ တတိယအစီအစဉ်တွင် ခေါင်းဆောင်ကြီးများကိုလည်းကောင်း ဂါရဝထား အလေးပြုခဲ့ကြသည်။ ယင်းနောက် လွမ်းသူ့ပန်းခွေချခြင်း၊ ကော်မတီ ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားခြင်း၊ ဗဟိုဌာနမှ ဒေါက်တာမင်းကြည်ဝင်းနှင့် နိုင်ပန်းအောင်တို့က မိန့်ခွန်း ပြောကြားခြင်းများလည်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါနေရာတွင် မွန်ခေါင်းဆောင်ကြီး သုံးဦး၏ အုတ်ဂူများ တည်ရှိသလို မုဒုံမြို့နယ် ကျောက်တလုံးဒေသတွင်လည်း အလားတူ ရှိနေကြောင်း မွန်ညီညွတ်ရေးပါတီ အတွင်းရေးမှူးအဖွဲ့ဝင် နိုင်စိုးမြင့်ထံမှ သိရသည်။ မွန်တော်လှန်ရေးနေ့အခမ်းအနားကို မွန်လူငယ်များ ဦးဆောင်ကျင်းပသည့် ဗဟိုအခမ်းအနားအပြင် မွန်ပြည်သစ်ပါတီ ဌာနချုပ်၊ ခရိုင်အဆင့်ဆင့်နှင့် ကျဆုံးသွားသည့် မွန်ခေါင်းဆောင်ကြီးများ အုတ်ဂူများ တည်ရာအချို့တွင်လည်း ကျင်းပသည့် အစဉ်အလာ ရှိသည်။ ဗဟိုအခမ်းအနားကို ယမန်နှစ်က မုဒုံမြို့နယ်ရှိ ဝင်းစိန်တောရ သာသနာ့ဝင်းတွင် ကျင်းပခဲ့သော်လည်း ယခုနှစ်တွင်မူ ကပ်ရောဂါကြောင့် မကျင်းပနိုင်ခဲ့ချေ။

မွန်တော်လှန်ရေး အစပျိုးလာပုံနှင့်စပ်လျဉ်း၍ ကိုယ်တိုင်လည်း တော်လှန်ရေးတွင် ပါဝင်ခဲ့သူ၊ ယခု မွန်ညီညွတ်ရေးပါတီ အတွင်းရေးမှူးအဖွဲ့ဝင် နိုင်စိုးမြင့်က”ကျွန်တော်တို့ မြန်မာပြည် လွတ်လပ်ရေး ရတဲ့နှစ်ပေါ့နော်၊ အဲဒီမှာ မွန်တွေဟာ အခွင့်အရေးတွေ တောင်းတယ်၊ ရပိုင်ခွင့်တွေ တောင်းတယ်။ ဒါပေမဲ့ ဖဆပလ အစိုးရက ဘာမှ မပေးခဲ့ဘူး။ မွန်ပြည်နယ်လည်း မရဘူး၊ မွန်လူမျိုးတွေ အသိအမှတ်ပြုမှု ဘာမှ မရဘူး။ ၁၉၄၈ ခုနှစ်က ဝါခေါင်လပြည့်နေ့မှာ ကရင်ပြည်နယ်ဘက်က ဇာသပြင်ရွာမှာ ဗိုလ်သိန်းတို့ နိုင်ပန်းသာတို့က ဦးဆောင်ပြီးတော့ ဇာသပြင်သားတွေ ၅၀၊ ၁၀၀ လောက်နဲ့ ဇာသပြင်ရဲစခန်းကို ဝင်သိမ်းတယ်။ သိမ်းတော့ လက်နက်ပေါင်း ၄၅ လက်လောက် ရတယ်။ အဲဒီအထိမ်းအမှတ်နဲ့ နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေ၊ မွန်ပြည်သစ်ပါတီရော မွန်တော်လှန်ရေးနေ့ကို စခဲ့ကြတယ်၊ ဒီနှစ်ဆို ၇၃ နှစ်တိုင်ခဲ့ပြီ”ဟု အခမ်းအနားသို့ တက်ရောက်လာစဉ် ဟင်္သာကို ပြောပြသည်။

နေမင်းထွဏ်း

Leave a Reply