မော်လမြိုင်၊ သြဂုတ်၁၆

၇၂ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားတွင် မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရယ် ခံစားခဲ့ရသူများအတွက် ဝမ်းနည်းခြင်းအထမ်းအမှတ်အဖြစ် တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ပြီး ဆုတောင်းပွဲတစ်ခုကျင်းပခဲ့ကြောင်း ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

၇၂ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကို သြဂုတ်လ ၁၅ ရက်နေ့တွင် မုဒုံမြို့နယ် ဝင်းစိန်တောရ အတွင်းရှိ အာဇာနည်ကုန်းတွင် ကျင်းပခဲ့သည်။

မွန်ပြည်နယ် တွင် ၂ နှစ်ဆက်တိုက် သဘာဝဘေးအန္တရယ် ကျရောက်ခဲ့ခြင်းကြောင့် ဆုတောင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦး ကပြောကြားသည်။

“သေဆုံးသူတွေ နစ်နာသူတွေ အိမ်တွေအဆောက်အဦတွေ ဖျက်စီးဆုံးရှုံးခဲ့တဲ့သူတွေ နောက်အခါများမှာ ဒီလိုဖြစ်ရပ်မျိုးတွေနဲ့ ထပ်မကြုံချင်တော့ဘူး” ဟု ၎င်း က ဆိုသည်။

သြဂုတ်လ ၉ ရက်နေ့ မနက်ပိုင်း က စတင်ပြီး မွန်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြို့နယ်အများစု တွင် ဆိုးဆိုးရွာရွားရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာတွင် မြေပြိုခဲ့မှုကြောင့် လူပေါင်း ၆၀ ကျော်သေဆုံးခဲ့သည်။

မွန်တော်လှန်ရေး နေ့အခမ်းအနားတွင် မွန်တော်လှန်ရေးခေါင်းဆောင် ၁၈ ဦးကို လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြပြီး မွန်ခေါင်းဆောင်ကြီးတွေ၏ တော်လှန်ရေးလှုပ်ရှား မှုတွေ ကို မိန့်ခွန်း ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင်မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ၊ မွန်နိုင်ငံရေးပါတီဝင်များ ၊မွန်လူငယ်များနှင့် မြို့နယ်အသီးသီးမှ ဘင်ခရာအဖွဲ့များ တက်ရောက်ချီတက် အလေးပြုခဲ့ကြသည်။

ရန်လင်းအောင်

Leave a Reply