မွန်လူမျိုးတေးသံရှင် ကိုးဦးပါဝင်သော Power Music Band ဂီတအဖွဲ့က ဇူလိုင်လအတွင်း မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ နေထိုင်ရာအများပြားဆုံးဒေသတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံ မဟာချိုင်မြို့အနီး၊ Bang Kadi အရပ်ရှိ သုဓမ္မာဝတီကျောင်းတွင် သွားရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှသိရသည်။

Mon Band

Bang Kadi အရပ်ရှိ သုဓမ္မာဝတီကျောင်း၏ ပရိယတ္တိစာသင်ကျောင်း သုံးထပ်ဆောင် ရန်ပုံငွေအတွက် အဆိုပါကျောင်းတွင် ဇူလိုင်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၂၀ ရက်နေ့အထိ နှစ်ည ခန့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း Power Music Band အဖွဲ့၏ခေါင်းဆောင် စမိုင်းချမ်းက ပြောကြားသည်။

“ကျောင်းသုံးထပ်ဆောက်လုပ်ဖို့အတွက်ဆို ကျွန်တော်တို့လည်း တတ်ထားတဲ့ပညာနဲ့ သွားရောက်ထောက်ပံ့ ပေးရင် ကုသိုလ်လည်းရတယ်၊ နောက်ပြီး ကိုယ့်လူမျိုးပရိသတ်နဲ့လည်း နီးစပ်မှုရတယ်”ဟု ၎င်းက ရှင်းပြသည်။

ထို့ကြောင့် အဖွဲ့အချင်းချင်းတိုင်ပင်၍ သွားရောက်ဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး Power Music Band မှ စမိုင်းချမ်း၊ အနဂ္ဃ၊ သူရိယမာဉ်၊ စိုင်းဝဏ်(သာင်ဝဏ်)၊ ပိယ၊ ဆန္ဒ၊ ပဉ္စဝီ၊ ရူပါ၊ စန္ဒီတို့အပြင် အခြား မွန်တေးသံရှင် နှစ်ဦးဖြစ်သည့် ရာမာဉ်နှင့် မနွပ်စိုင်း တို့လည်း ပါဝင်မည်ဖြစ်ကြောင်း Power Music Band ထံမှသိရသည်။

ထိုင်းနိုင်ငံတွင် သွားရောက်ဖျော်ဖြေရသည်မှာ လွတ်လပ်မှုမရှိသော်လည်း ပရိသတ်အားပေးမှုမှာမူ မြန်မာနိုင်ငံတွင်း ဖျော်ဖြေမှုထက် ပိုမိုကောင်းမွန်ကြောင်း အဆိုပါအဖွဲ့တွင်ပါဝင်သော တေးသံရှင်များက ပြောဆိုသည်။

“ဘာပဲပြောပြော ကိုယ့်လူမျိုးရှိတဲ့နေရပ်ကို သွားရောက်ဖျော်ဖြေခွင့်ရတာက ကောင်းတယ်”ဟု စမိုင်းချမ်းက ဆိုသည်။
မွန်တေးဂီတအဖွဲ့  Power Music Band ကို ၂၀ဝ၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်တေးသံရှင် ကိုးဦးပါဝင်သည်။

Leave a Reply