Advertisements

မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ်ရှိမြို့နယ် (၃)မြို့နယ်တွင် ယခုလနောက်ဆုံးအပတ်မှစ၍ လာမည့် ဇူလိုင်လအထိ မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီမှဦးဆောင်၍ စာသင်ကျောင်းများတွင် ကလေးသူငယ်များအတွက် Body Prevention မိမိခန္ဓာကိုယ်ကို ကာကွယ်နိုင်ရေးအတွက် အသိပညာပေးသင်ကြားပေးသွားမည်ဖြစ်ကြောင်းမွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ကော်မတီထံမှသိရှိရသည်။

မွန်ပြည်နယ်အတွင်း သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ ဖြစ်ပျက်လာသည့် ဖြစ်စဉ် များပြားလာသည့်အတွက် မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် မိမိကိုယ်ကိုကာကွယ်ခြင်း အသိပညာပေးလုပ်ငန်းကို စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကာယင်းအစီအစဉ်မှာမွန်ပြည်နယ်တွင် ပထမဦးဆုံးပြုလုပ်သည့် အစီအစဉ်တစ်ခုဖြစ်ကြောင်းမွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

Advertisements
data-language="en"

“ကလေးတွေ တစိမ်းတစ်ယောက်နောက်ကို လိုက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မိဘတွေလည်း မှာထားမှပဲ၊ တစိမ်းတစ်ယောက်နောက်ကို မလိုက်ရဘူးဆိုတာ၊ ရင်းနှီးကျွမ်းဝင်သူတွေ ကလေးတွေနဲ့ အမြဲနီးနီးကပ်ကပ်ရှိနေတဲ့သူတွေကြောင့်ပဲ ဖြစ်တာပါ၊ မိဘတွေကလည်း ရင်းနှီးနေတဲ့သူတွေနဲ့ကျတော့ ဘာမှ သင်ကြားပြသထားတာမရှိဘူး။ အဲဒါတွေနဲ့ ပတ်သက်ပြီး Prevention တစ်ခုခုမရှိတော့ကလေးတွေ ဒီလိုကိစ္စကြုံတွေ့နိုင်တယ်၊ ဒါကြောင့် ကျွန်မတို့ကော်မတီကတော့ ကလေးတွေကို ဒီ (Body Prevention) မိမိကိုယ်ကိုကာကွယ်ခြင်းကို စတင်တော့မှာဖြစ်တယ်”ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

Body Prevention (မိမိခန္ဓာကိုယ်ကို ကာကွယ်ခြင်း) ကို (၂) နှစ်ကလေးအရွယ်မှစ၍ (၁၁) နှစ် အရွယ်ကလေးငယ်များအထိ ယင်းအသိပညာကို ပေးသွားမည်ဖြစ်ပြီးရပ်ကွက်ကျေးရွာများတွင်လည်း ထို့သို့သွားရောက်ကာ ပညာပေးနိုင်ရန်မဖြစ်နိုင်သည့်အတွက် ပြည်နယ်ပညာဦးစီးဌာနနှင့် ဆွေးနွေးညှိနှိုင်း၍ကျောင်းများတွင် ပညာပေးသင်ကြားပေးရန် ပြည်နယ်ပညာရေးဦးစီးဋ္ဌာနမှ သဘောတူထားကြောင်း ၎င်းကရှင်းပြသည်။

“ဒီ Body Prevention ကို စကားတွေ နားလည်နုုိင်မယ့်ပုံစံနဲ့ ကျွန်မတို့က အသိပညာပေးသွားမယ်၊ ကလေးတစ်ယောက်က သူ့ကိုသူ ဘယ်လိုကာကွယ်ရမလဲ၊ ကြုံလာရင် ဘယ်လိုတုံ့ပြန်ရမလဲဆိုတဲ့ အသိတစ်ခုကိုတော့ ကလေးတွေကို ထည့်ပေးဖို့ လိုပါပြီး”ဟု ဒေါ်ခ်ုင်ခိုင်လဲ့က ပြောသည်။

မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီမှ ရွေးချယ်ထားသည့် မြို့နယ် (၃) မြို့နယ်မှာ သထုံမြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တို့ဖြစ်ပြီး သထုံမြို့နယ်တွင် ဇွန်လ ၂၄ ရက်မှ ၂၅ ရက်၊ချောင်းဆုံမြို့နယ်တွင်ဇူလိုင်လ၁ ရက်မှ ၂ ရက်နှင့် မော်လမြိုင်မြို့နယ်တွင် ဇူလိုင်လအတွင်း (၆) ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းမွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီထံမှ သိရသည်။

ထို့ပြင် အခြေခံပညာကျောင်းများရှိ ကလေးသူငယ်များအား အသိပညာပေးဆွေးနွေးပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ မွန်ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဒေသခံကိုယ်စားလှယ်များ၊ သက်ဆိုင်ရာမြို့နယ်ကလေး
သူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ ရွှေကျွန်းသားလူမှုကွန်ရက်အဖွဲ့တို့ပူးပေါင်းအကောင်းအထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း အကောင်အထည်ဖော်မည့် မြို့နယ် (၃)ခုအပြင် အခြားမြို့နယ်များကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အကောင်အထည်ဖော်မှုများကို ပြန်လည်သုံးသပ်ပြီး စီစဉ်သွားမည်ဖြစ်ကြောင်းမွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ
ကော်မတီထံမှ သိရသည်။

အောင်မြတ်

Leave a Reply