Cute expectant mother is very tired. She is sitting on couch. Her eyes are closed with relaxation

မော်လမြိုင်၊ ဖေဖော်ဝါရီ

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန်များ စုပေါင်း၍ ကိုယ်ဝန်ဆောင်များအတွက် သွားကျန်းမာရေး အခမဲ့ စောင့်ရှောက်မှုလုပ်ငန်းကို အပတ်စဉ်လှုပ်ရှားမှုအဖြစ် ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဟု သိရသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်တတ်သော သွားနှင့်ခံတွင်းဆိုင်ရာရောဂါများသည် မိခင်ကိုသာမက သန္ဓေသားကိုပါ ထိခိုက်စေနိုင်သောကြောင့် ကိုယ်ဝန်ဆောင် သွားကျန်းမာရေးကို အလေးထားဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာဦးစီးအရာရှိ ဒေါက်တာအေးမြတ်မွန်မှ ပြောကြားသည်။

” ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ သွားဖုံးရောင်ရောဂါဟာ ကလေးစောမွေးတာ၊ ပေါင်ချိန်မပြည့်တဲ့ ကလေးတွေ မွေးလာနိုင်တာမျိုးတွေကို ဖြစ်စေပါတယ်။ သွားဖုံးရောင်ရောဂါဟာ ခံတွင်းသန့်ရှင်းရေးအားနည်းတဲ့ ကိုယ်ဝန်ဆောင်တွေမှာ ပိုပြီး အဖြစ်များနိုင်ပါတယ်။ သွားပတ်ပတ်လည်မှာရှိတဲ့ သွားချေးကျောက်လို့ခေါ်တဲ့ အရာတွေကြောင့် သွားဖုံးရောင်ရောဂါဖြစ်ပွားတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ သွားချေးကျောက်တွေ ရှိမရှိ စစ်ဆေးပြီး စောစီးစွာဖယ်ရှားကုသပေးနိုင်ဖို့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ် ” ဟု သူမက ဆိုသည်။

ယခု အခါတွင် မော်လမြိုင်မြို့တွင်းရှိ ဗဟိုဒေသန္တရဆေးခန်းအပါအဝင် ဆီဆုံ၊မုပွန်၊ သာယာအေး ၊မြိုင်သာယာ စသည့် နယ်မြေအသီးသီးမှ ဒေသန္တရဆေးခန်းများ နှင့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန တို့တွင် ရက်သတ္တတစ်ပတ်လျှင် တစ်ရက်ကျ သွားဆရာဝန်လေးယောက်ဖြင့် လှည့်လည်ဆောင်ရွက်လျက်ရှိသည်။ ကိုယ်ဝန်ဆောင်များ ကိုယ်ဝန်စစ်ဆေးသည့် နေ့များတွင် သွားနှင့်ခံတွင်းကိုပါ တပါတည်းစစ်ဆေးပေးပြီး လိုအပ်သော ကုသမှုများကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိတွင် သွားဖုံးရောင်ရောဂါကို ကုသမှုပေးနေပြီး သွားနှင့် ခံတွင်းဆိုင်ရာ အခြားရောဂါများရှိနေပါက မော်လမြိုင် ပြည်သူ့ ဆေးရုံကြီး သို့မဟုတ် သွားနှင့်ခံတွင်း ဆေးခန်းရှိသော ဗဟိုဒေသန္တရဆေးခန်း နှင့် ဆီဆုံဒေသန္တရဆေးခန်းတို့အား ညွှန်းပို့ကုသပေးမည်ဖြစ်ကြောင်း ဒေါက်တာ အေးမြတ်မွန်ထံမှတဆင့် သိရသည်။

” အဓိက ကတော့ ကျန်းမာရေး အရည်အသွေးပြည့်တဲ့ဘဝ တွေကို ပြည်သူတွေ ရ ရှိစေဖို့ ရည်ရွယ်ချက်ပါပဲ။ ကိုယ်ဝန်ဆောင်မိခင်လည်း သွားနဲ့ ခံတွင်းဝေဒနာတွေကင်းပြီး စိတ်သက်သက်သာသာနဲ့ ကိုယ်ဝန်ဆောင်နိုင်အောင်၊ မွေးလာမယ့် မျိုးဆက်သစ်ကလေးတွေလည်း ပေါင်ချိန်မပြည့်တာ၊ အချိန်စောမွေးလို့ ကျန်းမာရေးမကောင်းတာ တွေ ၊ အသေလေးမွေးလာတာမျိုးတွေ မဖြစ်ရအောင် ကာကွယ်တားဆီးတဲ့အနေနဲ့ ဒီ လှုပ်ငန်းစဉ်ကို စလုပ်ကြတာပါ။ ကလေးပေါင်မပြည့်၊စောမွေး၊ အသေမွေးရတဲ့အကြောင်းအရင်း အများအပြားရှိပါတယ်။ အဲဒီအထဲမှာ မိခင်ရဲ့ သွားဖုံးရောင်ရောဂါလည်း အပါအဝင်ဖြစ်တဲ့အတွက် သွားဖက်ဆိုင်ရာ ဆရာဝန်တွေ အနေနဲ့ ဒီရောဂါကို ကာကွယ်ကုသပေးတာပါ” ဟု ဒေါက်တာအေးမြတ်မွန်က ဖြည့်စွက်ပြောကြားသည်။

“အခုကတော့ ကျွန်မ တို့မှာ အလွယ်ပြောရရင်တော့ သွားကျောက်ခြစ်စက်နဲ့ သွားချေးကျောက်တွေကို ဖယ်ရှားကုသပေးနေတာပါ ။ ကုသရေးမှာ သုံးတဲ့ သွားတွင်းကြည့်မှန်၊ ရေခွက် စတာတွေကို တစ်ခါသုံးတွေပဲ သုံးပါတယ်။ နောက် သွားကျောက်ခြစ်တဲ့ပစ္စည်းကိုတော့ တစ်ယောက်တစ်ခုပဲ သုံးပေးပြီး ပြီးတာနဲ့ ဖိအားပေါင်းခံပိုးသတ်နည်းစနစ်နဲ့ ပိုးသတ်ပြီးမှ နောက်တစ်ပါတ် ပြန်သုံးပါတယ်။ သန့်ရှင်းရေးကို ဂရုထားပြီး လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ယုံယုံကြည်ကြည်နဲ့ ပူးပေါင်းပါဝင်ပေးဖို့ ပြောချင်ပါတယ်”ဟု သူမက တိုက်တွန်းခဲ့သည်။

ကိုယ်ဝန်ဆောင်များအား အခမဲ့ သွားကျန်းမာရေး စစ်ဆေး ကုသမှုများအား ယခုအခါ မော်လမြိုင် မြို့နယ်တွင် စတင်လုပ်ဆောင်နေပြီး ကျန် မြို့နယ် များတွင်လည်း တစ်ပြည်နယ်လုံး အတိုင်းအတာအနေဖြင့် ဖြန့်ကျက်၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

Written by ဂေထော

Leave a Reply