မွန်ပြည်နယ်တွင်ခုနစ်လအတွင်းယာဉ်မတော်တဆအမှုပေါင်း ၄၆၈ မှုထိဖြစ်ပွားခဲ့ရာသေဆုံးသူနှင့် ထိခိုက် ဒဏ်ရာရရှိသူ ၉၂၅ ဦးအထိရှိခဲ့ကြောင်းအမှတ်(၁၂) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (မွန်) မှ ဒုရဲမှူးဌေးရွှေကပြောကြားသည်။

accident

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်ပိုင်းအထိယာဉ်မတော်တဆမှုများကြောင့်သေဆုံးသူဦးရေ ၂၀၁ဦးရှိပြီးထိခိုက်ဒဏ်ရာရရှိသူဦးရေ ၇၂၄ ဦးထိရှိခဲ့သည်ဟု ၎င်းက ပြောသည်။

သတ်မှတ်ထားသောယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီလက်ယာဘက်တွင် ကပ်မောင်းရသော်လည်းမွန်ပြည်နယ်တွင် ယာဉ်အတော်များများသည် လမ်းကြောအလယ်မှ မောင်းနှင်မှုများကြောင့် ယာဉ်မတော်တဆ ဖြစ်ပွားမှုများမကြာခဏရှိနေသည်ဟု ၎င်းက ရှင်းပြသည်။

“ယာဉ်ကြောလမ်းအလယ်မှာကပ်မောင်းတာမွန်ပြည်နယ်မှာအဖြစ်များဆုံးရင်ဆိုင်ဖြေရှင်းနေရတယ်။ ကားတစ်စီးကဆိုင်ကယ်တစ်စီးကိုကျော်တက်လို့ တစ်ဖက်လမ်းကြောထဲရောက်သွားတာမျိုးကတော့ မဖြစ်သင့်ဘူး”ဟု၎င်းက ဆိုသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်လုံးရှိလမ်းများမှာအခြားသောတိုင်းဒေသကြီး ပြည်နယ်များနှင့် နှိုင်းယှဉ်ပါကလမ်းများပိုမိုကောင်းမွန်နေသဖြင့်သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းကြသောကြောင့်လည်းယာဉ်တိုက်မှုများ ဖြစ်ပေါ်နေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်ထိ ဖြစ်ပွားခဲ့သောယာဉ်မတော်တဆမှုမှာစုစုပေါင်း ၄၀၃ မှုရှိခဲ့ပြီးသေဆုံးသူဦးရေမှာ ၁၆၀ ဦးရှိကာ ဒဏ်ရာရရှိသူဦးရေပေါင်း ၇၃၂ ဦးထိရှိခဲ့သဖြင့် ထိုကာလအပိုင်းအခြားကိုယခုနှစ် ယာဉ်မတော်တဆမှုဖြင့် နှိုင်းယှဉ်ကြည့်ပါကယာဉ်မတော်တဆမှုတွင် သေဆုံးမှုမြင့်တက်လာကြောင်းအမှတ်(၁၂) ယာဉ်ထိန်းတပ်ခွဲမှူးရုံးထံမှ သိရသည်။

Leave a Reply