Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၂၀

မွန်ပြည်နယ်ရှိ တောင်သူများအတွက် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေကို အောက်တိုဘာ ၂၅ ရက်မှ စတင် ထုတ်ချေးပေးခဲ့ရာ နိုဝင်ဘာ ၁၇ ရက်ထိ စာရင်းများအရ ကျပ်သန်းပေါင်း ၁၃၁၉ ဒသမ ၁၅ သန်းအထိ ထုတ်ချေးထားပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၊ ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင် ကပြောကြားသည်။

“ချေးငွေတွေက တစ်နှစ်ထက် တစ်နှစ် များလာတယ်။ ဘယ်ဌာနဆိုင်ရာ ဘယ်အဖွဲ့အစည်းမှ မပေးနိုင်တဲ့ တစ်နှစ်ကို အတိုး ရှစ် ရာခိုင်နှုန်း ၊ အတိုးနှုန်းလည်းသက်သာ၊ စိတ်မဝင်စားတဲ့သူလည်း စိတ်ဝင်စားလာတယ်”ဟု ၎င်းက ဆိုသည်။

Advertisements
data-language="en"

ယင်းချေးငွေကို မြို့နယ်ဘဏ်ခွဲများတွင် ဒီဇင်ဘာလကုန်အထိသာ ထုတ်ချေးပေးရန် သတ်မှတ်ထားပြီး ပြည်နယ်ဘဏ်ခွဲတွင်မူ ၂၀၁၈ ဇန်နဝါရီလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဦးကျော်စွာလှိုင်က ပြောသည်။

နွေစပါး တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲနှုန်းဖြင့် လည်းကောင်း၊ ပဲမျိုးစုံနှင့် အခြားဆီထွက်သီးနှံ တစ်ဧကလျှင် ကျပ် ၅၀၀၀၀ နှုန်းဖြင့် လည်းကောင်း ထုတ်ချေးပေးလျက်ရှိသည်။ အဆိုပါချေးငွေကို လာမည့်နှစ် ဇွန်လကုန်တွင် အပြီး ပြန်လည် ပေးဆပ်ရမည်ဖြစ်သည်။

ယင်းသို့ ထုတ်ချေးရာတွင် စိုက်ဧကနည်းပါးသည့် ရေးမြို့နယ်မှအပ ကျန် ကိုး မြို့နယ်တွင် ချေးငွေ ကျပ်သန်းပေါင်း ၄၈၈၇ ဒသမ ၇၅ သန်း ထုတ်ချေးပေးရန် လျာထားသည်။

“ဒီနှစ်က ပဲနဲ့ တခြားဆီထွက်သီးနှံတွေကို တစ်ဧက ၅၀၀၀၀ ထုတ်ပေးလို့ အဆင်ပြေပါတယ်။ ဘာပြောပြော အတိုးကလည်း နည်းတော့ လယ်သမားတွေအတွက် အဆင်ပြေတယ်”ဟု ချောင်းဆုံမြို့နယ်မှ ပဲစိုက်တောင်သူ ဦးဘိုဝင်းက ပြောသည်။

ပြီးခဲ့သည့်နှစ်က မွန်ပြည်နယ်တွင် ဆောင်းရာသီသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း ၃၀၀၀၀ ကျော်ကို ထုတ်ချေးပေးခဲ့ကြောင်း မွန်ပြည်နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ပြည်နယ်ဘဏ်ခွဲ၏ စာရင်း မှတ်တမ်းများတွင် ဖော်ပြသည်။

Written by – ကေထော

Leave a Reply