မော်လမြိုင်၊ မတ် ၁ဝ ။ ။ မတ် ၈ ရက်မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပနေသည့် တက္ကသိုလ်ဝင်စာမေးပွဲ၏ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် သုံးခုဖြေဆိုရန် ပျက်ကွက်သူမှာ မွန်ပြည်နယ်တွင် ၁၅ဝဝ ကျော်ရှိကြောင်း မွန်ပြည်နယ် ပညာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆိုသည်။

ယခုနှစ်တွင် မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်ရရှိသူ စုစုပေါင်း ၂၄၁၈ဝ ဦးရှိသည့် အနက်မှ ဦးရေ ၁၅ဝဝ ကျော်ပျက်ကွက်ခဲ့ခြင်းဖြစ်ပြီး ပြင်ပမှလာရောက်ဖြေဆိုသူ အများစုမှာ ပျက်ကွက်ကြခြင်းဖြစ်ကြောင်း ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းအရေအတွက်အရ ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူစုစုပေါင်းမှာ ယခင်နှစ်ထက် ပိုများပြီး ဖြေဆိုရန်ပျက်ကွက်သူမှာလည်း ယခင်နှစ် အရေအတွက်ထက် ၅၀ဝ ခန့်ပိုများလာသည်ကိုတွေ့ရကြောင်း ၎င်းက ဆိုသည်။

“ပြင်ပက ဖြေဆိုတဲ့ ကလေးတွေက ပျက်တာ ပိုများတယ်၊ အခုလက်ရှိ အနေအထားအရ ကြည့်ရတာ တစ်ရက်ထက် တစ်ရက် ပျက်တာ ပိုများလာတယ်၊ ကလေးတွေက စိတ်ဓာတ်တွေ ကျလာတာနဲ့တူပါတယ်”ဟု ၎င်းက ဆိုသည်။

တက္ကသိုလ်ဝင် စာမေးပွဲကို ဘာသာရပ်အလိုက် လာရောက်ဖြေဆိုရာတွင် မြန်မာစာဘာသာရပ်ဖြေဆိုရန် ပျက်ကွက်သူ ၁၅၆၂ ဦး၊ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုရန်ပျက်ကွက်သူ ၁၅၇၄ ဦးနှင့် သင်္ချာဘာသာရပ် ဖြေဆိုရန် ပျက်ကွက်သူ ၁၅၈၂ ဦးရှိကြောင်း အခြေခံပညာဦးစီးဌာနမှ ထုတ်ပြန်သည့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပျက်ကွက်သူများစာရင်းတွင် ဖော်ပြထားသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မွန်ပြည်နယ်အတွင်းရှိ အထက်တန်းကျောင်း ၉၂ ကျောင်း၊ အ.ထ.က (ခွဲ) ကျောင်း ၆၆ ကျောင်းနှင့် ပုဂ္ဂလိက စာသင်ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၄၁၈ဝဦးက စာစစ်ဌာန ၅ဝ တွင် ဖြေဆိုနေခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံး၏ စာရင်းများတွင် ဖော်ပြထားသည်။

Written by – ဖိုးဝ

Leave a Reply