Advertisements

မော်လမြိုင် ၊ နိုဝင်ဘာ ၂၁

မွန်ပြည်နယ်အတွင်း လျှပ်စစ်မီးကြိုး၊ မီးတိုင်များ သွယ်တန်းထားပြီးဖြစ်သော်လည်း မီတာတပ်ဆင်ပေးရန်အတွက် လတ်တလောအခြေအနေတွင် အလုံးရေ ၂သောင်းကျော် လိုအပ်လျက်ရှိကြောင်း ပြည်နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းထံမှ သိရသည်။

ဧပြီလလောက်ကတည်းက ပစ္စည်းပြတ်နေတော့ မီတာတွေ မချပေးနိုင်ဘူး။ အခုလောလောဆယ်က ရုံးချုပ်ကနေ တင်ဒါခေါ်ထားပြီးပြီ။ တင်ဒါအောင်တဲ့ ကုမ္ပဏီက ပစ္စည်းသွင်းပြီးရင် စံချိန်စံညွှန်းနဲ့ ညီ မညီ စစ်ဆေးပြီး ပြည်နယ်အလိုက်ခွဲတမ်းချပေးရင်တော့ ရမယ်။ ဘယ်အချိန်ရမလဲဆိုတာတော့ မပြောနိုင်သေးဘူး” ဟု အထက်ပါဌာန၊ အင်ဂျင်နီမှူးကြီးဦးကျော်စိုးက ပြောသည်။

ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်တွင် ကျေးရွာ ၈ ရွာ၌ လျှပ်စစ်မီးကြိုး၊ မီးတိုင်များ သွယ်တန်းထားပြီး မီတာတစ်လုံးလျှင် ကျပ် ၉ သောင်းနှုန်းဖြင့် ကျေးရွာမီးလင်းရေးကော်မတီသို့ ပေးသွင်းထားပြီးဖြစ်သော်လည်း ယနေ့ထိ မီတာတပ်ဆင်ပေးနိုင်ခြင်းမရှိဟု ဒေသခံတို့က ဆိုသည်။

“ငွေကောက်ထားတာလည်း ကြာပြီ။ မီတာမတပ်ဆင်ပေးနိုင်တော့ ရွာသူ ရွာသားတွေက ကျွန်တော်တို့ကို အပြစ်ပြောစရာဖြစ်လာတာပေါ့။ ကျွန်တော်တို့ကို တမျိုးမြင်ကြတာပေါ့။ လျှပ်စစ်ဌာနက မချပေးတော့ ကျွန်တော်တို့လည်း ဘာမှလုပ်လို့မရဘူး” ဟု ချောင်းဆုံ ခရိုက်ဒူးကျေးရွာ မီးလင်းရေးကော်မတီဥက္ကဌ ဦးဝင်းအောင်က ပြောသည်။

မွန်ပြည်နယ်ရှိ ၁၀ မြို့နယ်တွင် ရေးမြို့နယ်တစ်ခုသာ အစိုးရလျှပ်စစ်မီး မရရှိသေးကြောင်း မွန်ပြည်နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းထံမှ သိရသည်။

မြို့နယ်အချို့တွင် လျှပ်စစ်မီးကြိုး၊မီးတိုင်များ သွယ်တန်းထားပြီး လျှပ်စစ်မီတာဘောက်တပ်ဆင်ရန်အတွက် ကျသင့်ငွေကို သက်ဆိုင်ရာကျေးရွာမီးလင်းရေးကော်မတီသို့ ပေးသွင်းထားခဲ့သည်မှာ တစ်နှစ်နီးပါးရှိသော်လည်း ယနေ့တိုင် မီတာတပ်ဆင်ပေးနိုင်ခြင်းမရှိသေးပေ။

Written by ရင်ငြိမ်းချမ်း

Advertisements
<

Leave a Reply