Advertisements

မော်လမြိုင်၊ မေ

မွန်ပြည်နယ်တွင် ၂ဝ၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ် ဓာတ်အား ခွဲရုံတည်ဆောက်ရန်အတွက် ပြည်ထောင်စုဘတ်ဂျက်မှ ကျပ်သန်းပေါင်း ၂,၁၉၆ကျော် အသုံးပြုရန် လျာထားကြောင်း မွန်ပြည်နယ် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းမှပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသက်ပိုင်မျိုးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ကျေးရွာတွေ၊ မြို့နယ် တွေကနေမီးရရှိဖို့အတွက် လွှတ်တော်ကို တင်ပြမယ်ပေါ့၊ လွှတ်တော်ကနေတစ်ဆင့် ကျွန်တော်တို့ကိုလုပ်ခွင့်ပေးလာမယ်ဆိုရင်တော့ အဲဒီရွာတွေကို ကျွန်တော်တို့ ဦးစားပေး လုပ်ဆောင်ပေးသွားမှာပါ”ဟု၎င်းက ဆိုသည်။

ဦးစားပေး အနေဖြင့် ပေါင်မြို့နယ်ရှိ 33/11kV ဓာတ်အား ခွဲရုံမှ အုန်းတစ်ပင်ကျေးရွာသို့ 33kV လိုင်းတစ်လိုင်း၊ 3/11 kV 10 MVA ခွဲရုံ တစ် ရုံ နှင့် ပေါင်ခွဲရုံတွင် 33kV Outgoing Switch Bay နှစ်စုံ တည်ဆောက်သွားမည်ဖြစ်ပြီး သံဖြူဇရပ်မြို့နယ်တွင်လည်း33/11kV၊ 2MVA ကို 5MVA သို့အင်အားတိုးခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးသက်ပိုင်မျိုးက ပြောသည်။

ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း၊ အင်အားတိုးခြင်း ပြီးစီးပါက ကျေးရွာ ၁၆ ရွာ၊ အိမ်ထောင်စု ၄,၁၂၅ စုကို ဓာတ်အား ဆက်သွယ်သုံးစွဲနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မွန်ပြည်နယ်အတွင်း မြို့နယ် ဆယ်မြို့နယ်၌ မြို့နယ်ကိုး ခုမှာ လျှပ်စစ် ဓာတ်အားလိုင်း စနစ်ရရှိနေပြီး ရေးမြို့နယ်၊ ခေါဇာနှင့် လမိုင်းမြို့တို့တွင် ဒီဇယ်ဓာတ်အားပေးစနစ်၊ ဆိုလာမီးစနစ်ဖြင့်သာ မီးရရှိနေကြောင်း မွန်ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းစာရင်းအရ သိရသည်။

မွန်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း ၁,၁၅၅ ရွာတွင် လျှပ်စစ်ဓာတ်အားစနစ်ရရှိသည့် ကျေးရွာ ၅၅၈ ရွာ၊ ဒီဇယ်ဓာတ်အားပေးစနစ်၊ ဆိုလာမီးစနစ်ဖြင့် မီးရရှိနေသည့် ကျေးရွာ ၃ဝ၆ ရွာရှိပြီး မီးရရှိရန် အတွက် ၂၉၁ ရွာ ကျန်ရှိနေသေးကြောင်း စာရင်းတွင် ဖော်ပြထားသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply