မွန်တွင် သင်္ကြန်တွင်း၌ အဝေးပြေးယာဉ်လိုင်း ရှစ်ခု ပြေးဆွဲမည်

(ဓါတ်ပုံ အညွှန်း – အလှိုင်အဝေးပြေးဝင်းတွင် ရန်ကုန်-မော်လမြိုင် ယာဉ်လိုင်းများအား တွေ့ရစဉ်)

မော်လမြိုင်၊ ဧပြီ ၄

မကြာမီကျရောက်မည့် သင်္ကြန်ကာလ၊ သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃ ရက်) မှ နှစ်ဆန်းတစ်ရက်နေ့( ဧပြီ ၁၇ ရက်)အတွင်း မွန်ပြည်နယ်တွင် အဝေးပြေးယာဉ်လိုင်း ရှစ်လိုင်းက ပိတ်ရက်မရှိ ပုံမှန် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (ယထက) ပြည်နယ်ရုံးထံမှ သိရသည်။

ရွှေနဒီ၊ ယူနီဗာဆယ်၊ မန္တလာမင်း၊ မိဟာရ၊ စိုးမိုးအောင်နှင့် ရွှေမေတ္တာစသည့် ယာဉ်လိုင်း ခြောက်ခုမှာ နေ့ခရီးစဉ်များကိုလည်းကောင်း၊ NEW PTT နှင့် အောင်ရတနာ ယာဉ်နှစ်လိုင်းမှာ ညပိုင်းခရီးစဉ်များကိုလည်းကောင်း ပြေးဆွဲမည်ဖြစ်ကြောင်း ယထက ပြည်နယ်ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ပြောသည်။

“မန္တလာမင်းကတော့ မော်လမြိုင်- ရန်ကုန် ခရီးစဉ်တစ်ခု ပြေးဆွဲမယ်။ ကျန်တဲ့ ခရီးစဉ်ကိုတော့ နားတယ်” ဟု ၎င်းက ပြောသည်။

ယမန်နှစ်က မွန်ပြည်နယ်၌ အဝေးပြေးယာဉ်လိုင်း ၆၂ လိုင်း ရှိသည့်အနက် သင်္ကြန်ကာလ တွင် ယာဉ်လိုင်း ကိုးလိုင်းက ပိတ်ရက်မရှိ ပုံမှန်ပြေးဆွဲခဲ့ပြီး ယခုနှစ် အဝေးပြေး ယာဉ်လိုင်း ၇၀ ခန့်ရှိသည့်အထဲမှ ရှစ်လိုင်းသာ ပြေးဆွဲမည်ဖြစ်သည်။

သင်္ကြန်ကာလ ပြေးဆွဲမည့် ယာဉ်လိုင်းများအနေဖြင့် ယာဉ်စီးခနှုန်းထား ပိုမိုရယူ ရောင်းချမှု မပြုရန်နှင့် ယင်းသို့ ရောင်းချကြောင်း သိရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ပြည်နယ် ယထကမှ မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Written by ခင်နန်းဌေး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်