Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ 

မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက် ရှစ်ချက်ကို တစ်နိုင်ငံလုံးတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ချမှတ်ထားသော်လည်း မွန်ပြည်နယ်တွင် သုံးနှစ်အတွင်း စီမံချက် နှစ်ခုသာ လုပ်ဆောင်နိုင်ကြောင်း ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။

မဟာဗျူဟာ စီမံချက်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ချမှတ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ရောက်ရှိနေပြီဖြစ်သော်လည်း လူမှုရေး ပင်စင်နှင့် မသန်စွမ်းသူ ထောက်ပံ့ခြင်းမျှကိုသာ ဆောင်ရွက်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

လူမှုရေးပင်စင် ပေးအပ်ရာတွင်လည်း အသက် ၆၅ နှစ်အထက်ရှိသူများကိုပါ ထောက်ပံ့ငွေ ပေးအပ်ရန် မျှော်မှန်းထားသော်လည်း အသက် ၁၀၀ အထက်နှင့် အသက် ၉၀ ကျော် သက်ကြီးရွယ်အို (၂၄၂၁) ဦးကိုသာ ပေးအပ်နိုင်ကြောင်း ၎င်းကပြောဆိုသည်။

ထို့ပြင် မသန်စွမ်းသူများကို ထောက်ပံ့ပေးခြင်းမှာလည်း နိုင်ငံတော်ဘက်ဂျက်ဖြင့် ထောက်ပံ့ပေးနိုင်ခြင်း မရှိဘဲ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်၍ ထောက်ပံ့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“စီမံချက်တော့ ရှိတယ်။ ဒါပေမယ့် မပေးနိုင်သေးဘူး။ လူမှုရေး ပင်စင်တောင် စီမံချက်အရဆိုရင်တော့ ၆၅ နှစ်အထက်ကိုပေးရမှာလေ။ ၉၀ အထက်တောင် တစ်လ တစ်သောင်းဘဲ ပေးနိုင်တယ်။ စီမံချက်အရဆိုရင်တော့ တစ်လကို နှစ်သောင်းခွဲလောက် ပေးရမယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။

ယင်း စီမံချက်တွင် လူမှုရေးပင်စင်၊ အသက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့၊ ဘက်စုံလူမှု ကာကွယ် စောင့်ရှောက်ရေး ဝန်ဆောင်မှုများ၊ ၃ နှစ်မှ ၁၅ နှစ် ကလေးသူငယ် ထောက်ပံ့ငွေဖြင့် ကျောင်းတွင်း အာဟာရ ကျွေးမွေးခြင်း၊ အများပြည်သူ အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကြောင်း ပညာရေးအတွက် သင်တန်းပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အထိ ကလေးသူငယ်ထောက်ပံ့ငွေနှင့် မသန်စွမ်းထောက်ပံ့ငွေ စသဖြင့် စီမံချက် ရှစ်ချက် ချမှတ်ထားသည်။

အဆိုပါ စီမံချက်မှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အထိ ကလေးသူငယ် ထောက်ပံ့ခြင်းကို ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီး နောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပေးအပ်လာနိုင်ကြောင်း ၎င်းက ပြောသည်။

Written by ရင်ငြိမ်းချမ်း

Advertisements
<

Leave a Reply