မော်လမြိုင်၊ ဖေဖော်ဝါရီ ၄ ။ ။ ၂၀၁၆ ခုနှစ်အတွင်း အလွန်ပူပြင်းသည့် အယ်နီညိုရာသီဥတု ကျရောက်မည် ဆိုသောကြောင့် မွန်ပြည်နယ်တွင် ဆားထွက်နှုန်း တိုးတက်လာနိုင်ကြောင်း သတ္တုတွင်းဦးစီးဌာန၊ ဆားလုပ်ငန်းဌာနခွဲ၊ မွန်ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

12295246_1706497369583469_1106501753051979013_n-copy

“အယ်နီညိုလာမယ်လို့ မိုးလေဝသက ခန့်မှန်းထားတယ် အရမ်းပူမယ်၊ မေလကုန်လောက်ထိအောင် မိုးမရွာဘဲ ခြောက်သွေ့မယ်၊ ဆားထွက်နှုန်းပိုလာနိုင်တယ် နေပူလေ ဆားထွက်လေပေါ့၊ နေအပူချိန်များများရမှ အဆင်ပြေမှာ အခုလို မိုးရွာလိုက်တော့ ရာသီဥတုကိုမှီပြီး လုပ်နေတဲ့လုပ်ငန်းကတော့ အခက်အခဲရှိမှာပဲ”ဟု ၎င်းက ပြောဆိုသည်။

ဇန်နဝါရီ နှစ်ဦးပိုင်းက မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ် တစ်ပြည်နယ်လုံး ဆားထွက်နှုန်း ထိခိုက်မှုခဲ့သော်လည်း ဆားအမြင့်ဆုံး ထွက်ရှိသော ကာလဖြစ်််သည့် ဖေဖော်ဝါရီလကုန်နှင့် မတ်လမဟုတ်သောကြောင့် ဆိုးရွားသည့် အခြေအနေ မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“နောက်ပိုင်း မြေပူမယ့် သဘောရှိတယ်၊ အယ်နီညိုရာသီဥတု လာမလား မသိဘူး နောက်ပိုင်း ပိုမယ့် သဘော ရှိတယ်၊ ပုံမှန်ရာသီဥတုနဲ့ပဲ ဆိုရင်တော့ ဆားက ၂၀ ရာခိုင်နှုန်းလောက် လျှော့သွားမှာပေါ့၊ ဆားတစ်သိန်း ထွက်မယ်ဆိုရင် ရှစ်သောင်းလောက်ပဲ ထွက်တော့မှာပေါ့၊ ဒါက ရာခိုင်နှုန်းနဲ့ပြောတယ်”ဟု ဘီးလင်းမြို့နယ်မှ ဆားလုပ်ငန်းလုပ်ကိုင်နေသူ ဦစောအုန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဆားထွက်နှုန်းအများဆုံးဖြစ်သည့် ဧရာဝတီတိုင်းပြီးပါက မွန်ပြည်နယ်သည် ဆားထွက်နှုန်း ဒုတိယအများဆုံး ပြည်နယ်ဖြစ်ကြောင်းနှင့် မွန်ပြည်နယ်၌ ဘီးလင်း၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် ဆားအများဆုံးထွက်ရှိပြီး သံဖြူဇရပ်မြို့နယ်သည် ပြည်နယ်တစ်ခုလုံးတွင် ဆားအများဆုံးထွက်ရှိရာ မြို့နယ်ဖြစ်ကြောင်းနှင့် သတ္တုတွင်းဦးစီးဌာန၊ ဆားလုပ်ငန်းဌာနခွဲ မွန်ပြည်နယ်ဦးစီးမှူး ဦခင်စိုးက ပြောသည်။

မွန်ပြည်နယ်၏ ဆားထုတ်လုပ်မှုသည် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် မက်ထရစ်တန် ၂၃၉၇၁ တန်ရှိပြီး ယခုနှစ်တွင် မက်ထရစ်တန်ချိန် ၂၈၉၂၃ တန်ထိ ဆားထုတ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း သတ္တုတွင်းဦးစီးဌာန၊ ဆားလုပ်ငန်းဌာနခွဲ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သိရသည်။

မွန်ပြည်နယ်အတွင်း ဆားလုပ်ငန်း မြေဧရိယာ ၅၀၀၀ ဧကကျော်ရှိသည့်အနက် ၂၇၉၄ ဒဿမ ရ၇ ဧကသာ လုပ်ကိုင်လျက်ရှိသည်။

Leave a Reply