Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်တွင် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ခရိုင်အလိုက် ပြုလုပ် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်အတွင်းရှိ မြို့နယ်များမှ အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ၂၀၁၂ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့ပြီး ယခုနှစ်တွင်မှ ယင်းပြိုင်ပွဲများကို ပြန်လည်ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဘောလုံးအသင်းကတော့ မြို့နယ်မှာရှိတဲ့ အသင်းသားတွေပဲဖြစ်တယ်။ ဒီအမျိုးသမီး ခရိုင်အလိုက် ဘောလုံးပြိုင်ပွဲက ဒီမွန်ပြည်နယ်မှာ ပြန်လည်ကျင်းပတာ ပထမဆုံးအကြိမ်ပဲဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ အမျိုးသမီးဘောလုံးပြိုင်ပွဲများကို နိုဝင်ဘာ ၆ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၁၀ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ်အသင်းများသည် မုဒုံမြို့နယ်တွင် လည်းကောင်း၊ သထုံခရိုင်အတွင်းရှိ မြို့နယ်အသင်းများသည် သထုံမြို့နယ်တွင် လည်းကောင်း နှစ်နေရာခွဲ၍ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

အဆိုပါ ခရိုင်နှစ်ခုအတွင်းမှ လက်ရွေးစင်ဘောလုံးသမားကို ပြည်နယ်မှ လက်ရွေးစင်အဖြစ် ရွေးချယ်ကာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးပွဲစဉ်များတွင် သွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်ရှိ အားကစားပြိုင်ပွဲများကို ကျေးရွာအဆင့်အထိ တစ်မြို့နယ်လျှင် အားကစားသုံးမျိုး ပြုလုပ်ပေးခဲ့ပြီး ယခင်နှစ်ထက် အားကစားဘက်မှ လူငယ်များ စိတ်ပါဝင်စားမှု များပြားလာသည်ကို တွေ့ရှိနေရကြောင်း ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောသည်။

ခင်နန်းဌေး

 

Advertisements
<

Leave a Reply