Advertisements

သထုံ၊ ဖေဖော်ဝါရီ

(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အိမ်ရှင်မများ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကို မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ဘောလုံးကွင်း၌ ဇန်နဝါရီ ၂၃ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ ကျင်းပခဲ့သည်။

“ကျား မ ခွဲခြားဆက်ဆံမှု ကင်းစေချင်တယ်။ ငြိမ်းချမ်းရေးကိုလည်း စိတ်ပါဝင်စားပြီး တန်ဖိုးထားတတ် လာကြ စေချင်တယ်။ ပုခက်လွှဲတဲ့လက်ပိုင်ရှင်ဆိုတဲ့ အိမ်ရှင်မတွေရဲ့တန်ဖိုးတွေကို အိမ်တွင်း မီးဖိုချောင်ကိစ္စ လောက်နဲ့ မပြီးဆုံးသွားစေချင်ဘူး။ စီးပွားရေး လူမှုဖွံ့ဖြိုးရေးက စပြီး နိုင်ငံရေးတွေ အထိပါ သူတို့ရဲ့တန်ဖိုးတွေကို ထဲထဲဝင်ဝင်နဲ့ ဈေးကွက် ဝင်စေချင်တယ်။ ဘောလုံးအသင်းကနေအစု အသင်းအဖွဲ့နဲ့ စုပေါင်း လုပ်ဆောင်တတ်တဲ့အလေ့အကျင့်ကောင်းတွေ ပေါ်လာပြီး ကမ္ဘာ့အမျိုးသမီးတွေလိုပဲ ကမ္ဘာမှာ ဝင်ဆံ့နိုင်စေချင်တယ်”ဟု ပြိုင်ပွဲကျင်းပရေးကော်မတီဝင် ဦးကျော်ထိုက်(သိမ်ဆိပ်အုပ်ချုပ်ရေးမှူး)က ပြောသည်။

မူးယစ်ဆေးဝါးအန္တရာယ်လျော့ပါးရေးအတွက်လည်း အားကစားကို အထောက်အကူပြုကဏ္ဍကြီးတစ်ရပ်အဖြစ် ယုံကြည်ယူဆကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက မှတ်ချက်ပေးသည်။

”အစကတော့ ကြောက်တယ်ပေါ့နော်။ ဖြစ်ပါ့မလားပေါ့။ နောက်ပြီး ရှက်လည်း ရှက်တယ်ပေါ့။ တကယ်ကန်လာတော့ တဖြည်းဖြည်းနဲ့ရဲလာတယ်။ စကန်တဲ့ ပထမပွဲစဉ်ရဲ့ ပထမပိုင်းမှာပဲ တဖက်အသင်းက ဦးဆောင်ဂိုးသွင်းတာ ခံလိုက်ရတယ်လေ။ လူဟာ ပြာသွားတာပေါ့။ ငါ့အသင်း ငါ့ရွာ ရှုံးလို့မဖြစ်ဘူးဆိုတဲ့ အသိက ဝင်လာတယ်။မောတာတွေ နာတာတွေကို ဂရုမစိုက်နိုင်တော့ဘူး။ ဒုတိယပိုင်းမှာ သမီး ချေပဂိုး သွင်းပေးနိုင်တဲ့ အခါမှာတော့ ငါ့အသင်း ငါ့ရွာအတွက် ငါလုပ်ပေးနိုင်ခဲ့ပြီဆိုပြီး တအားပဲ ဝမ်းသာသွားတယ်။ ကိုယ့်ကိုယ် ကိုယ်လည်း ယုံကြည်လာတယ်”ဟုကတိုက်ကြီးကျေးရွာ ဘဝအလင်း ဘောလုံးအသင်းမှ ကျောနံပါတ်(၉) မမြတ်သက်မွန်က ပြောသည်။

အဆိုပါငြိမ်းချမ်းရေးဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲကိုသုဝဏ္ဏဝတီဝန်းကျင်ရှိ ကျေးရွာ၊ ရပ်ကွက်များမှ ဝင်ရောက်ယှဉ်ပြိုင်သော အမျိုးသားအသင်း (၁၃)သင်းနှင့် အိမ်ရှင်မများအသင်း (၅)သင်းတို့ဖြင့် (၂၁)ရက်တာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

စောပဏ်(ဖူးငုံရတနာ)

Leave a Reply