Advertisements

မော်လမြိုင်၊ ဇန်နဝါရီ

မွန်ပြည်နယ် ၁၀ မြို့နယ်၌ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း မိုးစပါးအထွက်တင်းပေါင်း ၄၄၆သိန်းကျော် ထွက်ရှိခဲ့ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးထံမှသိရသည်။

မိုးစပါးစိုက်ဧက ခြောက်သိန်းကျော်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး စပါးအထွက်နှုန်းမှာ တစ်ဧကလျှင် ၆၅ ဒသမ ၆၄ တင်းရှိခဲ့ကြောင်း၊ ပမာဏအားဖြင့် စပါး ၄၄,၆၃၄,၄၅၃ တင်းထွက်ရှိခဲ့ကြောင်း ယင်းဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကြည်စိုးက ပြောသည်။ အထွက်နှုန်းများကို တွက်ချက်ပြုစုရာတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့်မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရကြောင်း ၎င်းက ဖြည့်စွက်ပြောပြသည်။

“၂၀၁၆ ခုနှစ်တုန်းနဲ ယှဉ်ကြည့်ရင်တော့အထွက်နှုန်းတွေက များလာတာကို တွေ့ရတယ်။ ဒါပေမဲ့ မွန်ပြည်နယ်ကတော့ စပါးအထွက်နှုန်းက ပုံမှန်အတိုင်းပဲ” ဟု ၎င်းက ဆိုသည်။

ယမန်နှစ်က မိုးစပါးကို ဇွန်လမှ စက်တင်ဘာလအတွင်း စိုက်ပျိုးခဲ့ပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာ၊ နှစ်လအတွင်းရိတ်သိမ်းခဲ့ကြောင်း ဦးကြည်စိုးက ပြောသည်။

တစ်ဧက စပါးအထွက်နှုန်းမှာ သံဖြူဇရပ်၊သထုံ၊ကျိုက်ထိုမြို့နယ်များတွင် တင်း ၇၀ ထွက်ရှိပြီး ကျန်မြို့နယ်များမှာ တစ်ဧကလျှင် ၆၇တင်းထွက်ရှိကြောင်း ထပ်မံသိရှိရသည်။

၂၀၁၆ ခုနှစ်အတွင်းက မိုးစပါးအထွက်မှာ တင်းပေါင်း ၂၅၇သိန်းကျော် ထွက်ရှိခဲ့ပြီး တစ်ဧကချင်းအလိုက် အထွက်နှုန်းအားဖြင့် ၆၆ ဒသမ ၆၇ တင်းထွက်ရှိခဲ့ကြောင်း ယင်းရုံးမှတ်တမ်းများ၌ ဖော်ပြထားသည်။

ယမန်နှစ်က မိုးနှောင်းကာလ ရှည်လျားခဲ့၍ စပါးရိတ်သိမ်းချိန် ကြန့်ကြာနှောင့်နှေးကာ အခက်တွေ့ခဲ့ရကြောင်း ချောင်းဆုံမြို့နယ်၊ ဘိုးနက်ကျေးရွာမှ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

Written by ခင်နန်းဌေး

Advertisements
<

Leave a Reply