Advertisements

မွန်နိုင်ငံရေးပါတီများ၏ ပေါင်းစည်းရေးကိစ္စတွင် မွန်ပြည်သူများ မျှော်လင့်ထားသည့် ရလဒ်တစ်ခုကို ဒုတိယအကြိမ်ဖွဲ့စည်းထားသည့် ညှိနှိုင်းရေးအဖွဲ့က ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

သို့ဖြစ်၍ လာမည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားကိုယ်စားပြုပါတီတစ်ခု လိုအပ်မည်ဖြစ်သည့်အတွက် မွန်နိုင်ငံရေးပါတီ ပေါင်းစည်းရေး သို့မဟုတ် ပူးပေါင်းဆောင်ရွက်ရေးတစ်ရပ်ရပ်မှာ ယခုအခါ မလွဲမသွေ လိုအပ်လိမ့်မည်ဖြစ်သည်။

ထို့ပြင် မွန်တိုင်းရင်းသားများအနေဖြင့် ပါတီစုံ ဒီမိုကရေစီစနစ်ကို လက်ခံထားကြသူအချို့ရှိသလို အချို့ကလည်း ပါတီစုံကို လက်မခံနိုင်ကြပေ။ ထို့ကြောင့် လတ်တလောအချိန်တွင် မွန်နိုင်ငံရေးအခြေအနေမှာ လမ်းဆုံလမ်းခွ ၊အကျပ်အတည်းထဲတွင် ရောက်ရှိနေသည့်အပြင် မွန်ပြည်သူ များကြားတွင် လည်း စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရသည့်အချိန်တစ်ခုလည်း ဖြစ်နေသည်။

မွန်နိုင်ငံရေးပါတီများ စည်းလုံးညီညွတ်ရေး ညှိနှိုင်းရေးအဖွဲ့က မွန်ပြည်သူများ ပုံဖော်စေချင်သော မွန်တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးနှင့် မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုနိုင်မည့် နိုင်ငံရေးပါတီတစ်ရပ်ကို မည်သို့ ဆောင်ရွက်ပေးနိုင်မည်ကို စောင့်ကြည့်နေကြပြီးဖြစ်သောကြောင့် မွန်ပြည်သူများ၏ မျှော်လင့်ချက်နှင့် မွန်နိုင်ငံရေးပြဿနာများကို ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ဖြေရှင်းပေးနိုင်မည်လော။

ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသည့် မွန်တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီ သုံးခုရှိနေ သည်။ အဆိုပါသုံးခုထဲမှ မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့နှစ်ခုကို ပေါင်းစည်းရန် ပထမအကြိမ်အဖြစ် ညှိနှိုင်းရေးအဖွဲ့ဖွဲ့စည်းပြီး ပေါင်းစည်းရေးကိစ္စကို ကြိုးပမ်းခဲ့ကာ ၃၃ လကျော် ကြာမြင့်ခဲ့သော်လည်း ပေါင်းစည်းနိုင်ခဲ့ခြင်း မရှိချေ။

ယင်းနောက် မွန်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်ရေးကို ဆောင်ကျဉ်ကာ ကြာအင်ဆိပ်ကြီးမြို့နယ်၊ တောင်ပေါက်ကျေးရွာအုပ်စု၊ ကော့ပလော့ကျေးရွာတွင် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်မှ ၂၅ ရက်အထိ မွန်အမျိုးသားကွန်ဖရင့်တစ်ရပ်ကျင်းပခဲ့သည်။

ထို့ကွန်ဖရင့်တွင် ပြည်ထောင်စုဖက်ဒရယ်မူ (၁၁)ချက်ကို အခြေခံပြီး ဖက်ဒရယ်မူညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းရန်၊ မွန်တစ်မျိုးသားလုံး နိုင်ငံရေးအင်အားမြှင့်တင်ရေးအတွက် စည်းလုံးညီညွတ်ရေးအဖွဲ့ ဖွဲ့စည်းရန်နှင့် MCL ဘိလပ်မြေစက်ရုံအား ကျောက်မီးသွေးသုံးစွဲနေမှုကို ပြင်းပြင်းထန်ထန်ရှုတ်ချကန့်ကွက်ရန် ဆုံးဖြတ်ချက်သုံးချက် ချမှတ်ခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်သုံးချက်ထဲတွင် ပြည်ထောင်စုဖက်ဒရယ်မူ (၁၁)ချက်ကို အခြေခံပြီး ဖက်ဒရယ်မူညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပေ။

သို့သော် မွန်တစ်မျိုးသားလုံး နိုင်ငံရေးအင်အားမြှင့်တင်ရေးအတွက် စည်းလုံးညီညွတ်ရေးအဖွဲ့ ဖွဲ့စည်းရေးကိစ္စကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က မော်လမြိုင်မြို့၊ ပဲခူးပရိယတ္တိစာသင်တိုက်တွင် မွန်နိုင်ငံရေးပါတီများ စည်းလုံးညီညွတ်ရေး ညှိနှိုင်းရေးအဖွဲ့ကို မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်ပြီး ဖွဲ့စည်းနိုင်ခဲ့သည်။

သို့သော် ၁၆ ကျော်ကြား ကြိုးပမ်းခဲ့သော်လည်း ပေါင်းစည်းနိုင်ခဲ့သည့်အပြင် မွန်ပြည်သစ်ပါတီလည်း အဆိုပါ ညှိနှိုင်းရေးအဖွဲ့မှ နှုတ်ထွက်ခဲ့ပြီး မွန်နိုင်ငံရေးနှစ်ပါတီ မပေါင်းစည်းနိုင်သည့်အတွက် မွန်တစ်မျိုးသားလုံး၏ စည်းလုံးညွတ်ရေးသည် ပြိုကွဲနေရခြင်းဖြစ်နေရသည်ဟု မွန်တိုင်းရင်းသားပြည်သူများက ဝေဖန်လျက်ရှိနေသည်။

ညှိနှိုင်းရေးအဖွဲ့၏ သဘောထားထုတ်ပြချက် အမှတ်စဉ်(၅)တွင်မူ ညီလာခံတွင် မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုနိုင်မည့် နိုင်ငံရေးပါတီတစ်ရပ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး လက်ရှိနိုင်ငံရေးနှစ်ပါတီကို ဖျက်သိမ်းရန် ဦးတည်ထားသည်။

သို့သော် မွန်နိုင်ငံရေးနှစ်ပါတီ ပေါင်းစည်းနိုင်ခြင်း ဖြစ်နိုင်ချေမရှိသောကြောင့် ညှိနှိုင်းရေးအဖွဲ့မှ ဦးဆောင်ပြီး ဒေသအသီးသီးရှိ မွန်ပြည်သူများကို အစီခံတင်ပြခြင်း၊ စစ်တမ်းကောက်ယူခြင်း များပြုလုပ်ခဲ့သည်။

အဆိုပါ စစ်တမ်းများအရ မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုနိုင်မည့် နိုင်ငံရေးပါတီတစ်ရပ်ပေါ်ထွန်းရေးကို မွန်ပြည်သူများက လိုလားနေကြပြီး အဆိုပါ မွန်ပြည်သူများ၏ လိုလားချက်များကို အကောင်အထည်ဖော်နိုင် ရေးအတွက် မွန်နိုင်ငံရေးပြဿနာကို အဖြေရှာရန် ညှိနှိုင်းရေးအဖွဲ့မှ ဦးဆောင်ပြီး မွန်ပြည်သူ့ညီလာခံတစ်ရပ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နှင့် ၁၄ ရက် မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ တွင် မွန်ပြည်သူ့ညီလာခံကို ကျင်းပမည်ဖြစ်သည်။

အဆိုပါ ညီလာခံတွငိ မွန်နိုင်ငံရေးပြဿနာကို အဖြေရှာရန်နှင့် မွန်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို မွန်လူမှုအဖွဲ့အစည်းအသီးသီးက စာတမ်းတင်သွင်းဆွေးနွေးမည် ဖြစ်သောကြောင့် ရလဒ်တစ်စုံတစ်ရာထွက်ပေါ်လာမည်ဟု မွန်ပြည်သူများက ယုံကြည်မျှော်လင့်နေကြဆဲပင်ဖြစ်သည်။

သို့သော် မွန်ပြည်သူ့ ညီလာခံမှာ မွန်အမျိုးသားပါတီ(MNP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMNP) ပါတီတို့က ကိုယ်စားလှယ်စေလွှတ်ပြီး တက်ရောက်မည်မဟုတ်ကြောင်း ဇန်နဝါရီ ၇ ရက်က သဘာထားထုတ်ပြန်ထားသည်။

“သူတို့ခေါ်ယူတဲ့ ညီလာခံရဲ့ ဦးတည်ချက်က မွန်အမျိုးသားကို ကုယ်စားပြုတဲ့ နိုင်ငံရေးပါတီတစ်ပါတီကို ဖွဲ့စည်းပြီးတော့ လက်ရှိနှစ်ပါတီကို ဖက်သိမ်းဖို့ ဖြစ်တယ်။ ဒီညီလာခံက နိုင်ငံရေးမဆန်ဘူး။ ဒါကြောင့် ဒီညီလာခံက ပြိုကွဲရေးကို ဦးတည်နေတဲ့အတွက် မတက်ရောက်တာပါ”ဟု မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယိတမက ပြောသည်။

အဆိုပါညီလာခံသည် မွန်အရေးကိစ္စရပ်ကို ပါဝင်လှုပ်ရှားနေသည့် အဖွဲ့အစည်းအားလုံးနှင့် ညှိနှိုင်းတိုင်မှုမရှိသည့်အပြင် ညှိနှိုင်းရေးအဖွဲ့တစ်ဖွဲ့တည်းကသာ ခေါ်ယူသည့်အတွက် တရားဝင်ညီလာခံတစ်ရပ်လည်းမဟုတ်ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် ညီလာခံမှ ထွက်ရှိလာသော ရလဒ်များအားလုံးသည် မွန်တစ်မျိုးသားလုံးကို ကိုယ်စားမပြုသည့်အတွက် မည်သည့်အကျိုးသက်ရောက်မှုမဆို မွန်အမျိုးသားပါတီတွင် လုံဝတာဝန်မရှိကြောင်း ယင်းပါတီ၏ ထုတ်ပြချက်တွင် ဖော်ပြထားသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ထုတ်ပြန်ချက်တွင်မူ မွန်ပြည်သူ့ညီလာခံသည် မွန်တစ်မျိုးသားလုံးကို ိကိုယ်စားမပြုသည့်အပြင် ဒီမိုကရေစီစံနှုန်း၊ လုပ်နည်းလုပ်ဟန်မှ သွေဖယ်နေသည့် ညီလာခံတစ်ရပ်ဖြစ်၍ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် ကိုယ်စားလှယ်စေလွှတ်ပြီး တက်ရောက်မည်မဟုတ်ကြောင်း သဘာထားထုတ်ပြန်ထားသည်။

ထို့ပြင် မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် ကိုယ်စားလှယ် (၁၂) ဦကို စေလွှတ်ပြီး ညီလာခံသို့ လေ့လာသူအဖြစ် တက်ရောက်မည်ဖြစ်သည်။

ညှိနှိုင်းရေးအဖွဲ့၏ ဦးတည်ချက်က နိုင်ငံရေးပါတီများအတွက်သာ ဖြစ်နေသော်လည်း နိုင်ငံရေးပါတီများက တက်ရောက်နိုင်မှု မရှိသည့်အတွက် ညီလာခံမှာ မည်သို့ပင် ဆုံးဖြတ်စေကာမူ မွန်နိုင်ငံရေးအခြေအနေက ဆက်လက်ပြိုကွဲနေမည်ဖြစ်ကြောင်း မုဒုံမြို့နယ် မွန်တိုင်းရင်းသားတစ်ဦးဖြစ်သူ နိုင်ချစ်က ဆိုသည်။

“ညီလာခံက နိုင်ငံရေးပြဿနာကို အဖြေရှာမယ့် ညီလာခံလို့ ပြောထားတယ်။ ဒီညီလာခံရဲ့ ဆုံးဖြတ်ချက်က မွန်ပြည်သူတွေရဲ့အပေါ်မှာ မူတည်နေတယ်လို့ ပြောထားတယ်။ နိုင်ငံရေးပါတီတွေ မတက်ရောက်ဘူးဆိုရင် ဘာအဓိပ္ပာယ်ရှိတော့မလဲ”ဟု မုဒုံမြို့နယ် မွန်တိုင်းရင်းသားတစ်ဦးဖြစ်သူ နိုင်ချစ်က ပြောသည်။

ဥမမာအားဖြင့် ညီလာခံတွင် မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုမည့် နိုင်ငံရေးပါတီတစ်ရပ်ကို ဖွဲ့စည်းခဲ့မည်ဆိုပါက မွန်နိုင်ငံရေး၏ ရှေးအလားလာသည် ယခုထက်မက ပိုမိုဆိုးသွားနိုင်သည်ဖြစ်ကြောင်း မွန်လူငယ်ပညာရေးအဖွဲ့ လက်ထောက်ညွန်ကြားရေးမှူး မင်းသိုက်ရော့ဒ်က ဆိုသည်။

“ညီလာခံတက်ရောက်လာတဲ့ကိုယ်စားလှယ်တွေက ပါတီအသစ်ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သေချာတာက ပါတီအသစ်ဖြစ်ပေါ်လာလိမ့်မယ်။ ပေါ်လာမယ်ဆိုရင် ဘယ်လိုမျိုးထပ်ညှိနှိုင်းရမယ့်အခြေအနေမျိုးတွေ ပြန်ဖြစ်သွားနိုင်တယ်”ဟု မင်းသိုက်ရော့ဒ်က ပြောသည်။

သို့သော် အဆိုပါညီလာခံ၏ ရည်ရွယ်ချက်ထဲတွင် မွန်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် ဆွေးနွေးအဖြေရှာသွားမည့်ဆိုသည့်အချက်တစ်ချက်ကိုသာ မျှော်လင့်ရမည်ဖြစ်ပြီး ဆုံးဖြတ်ချက်တစ်စုံတစ်ရာကျခဲ့ပါက မွန်ပြည်သူများကြားတွင် ရောက်ရှိသွားနိုင်ရေး ဖိတ်ကြားထားသည့် ကိုယ်စားလှယ် ၇၀၀ ဦးပေါ်တွင် မူတည်နေသည်။

လက်ရှိအချိန်တွင် မွန်ပြည်သူလူထုအများစုသည် မွန်နိုင်ငံရေးပါတီများကို အယုံအကြည်ကင်းမဲ့နေပြီးဖြစ် ကာ မွန်နိုင်ငံရေးပါတီခေါင်းဆောင်များအနေဖြင့် မွန်ပြည်သူလူထုများ လိုအပ်နေသော မွန်အမျိုးသားစည်း လုံးညီညွတ်မှုရရှိစေရေးကို ဦးဆောင်မည်ဆိုပါက လတ်တလောပကတိအခြေအနေတစ်ခုကို ပြန်လည်သုံးသပ်သင့်ကြောင်း နိုင်ညာဏ်စိုက်ရာမာန်က အကြံပြုပြောဆိုသည်။

ထို့ပြင် မွန်အမျိုးသား ကိုယ်စားပြုသည့် ပါတီတစ်ခုအနေဖြင့် ထူထောင်မည်ဆိုပါက မွန်နိုင်ငံရေးပါတီပေါင်း စည်းရေး ပကတိအခြေအနေကို ဒေသခံမွန်ပြည်သူများထံ ချပြပြီး ဒေသခံပြည်သူများက နားလည်းသဘော ပေါက်သွားပါက ပါတီထူထောင်သင့်လျှင် ထူထောင်ရမည်ဖြစ်ကြောင်း မွန်ပြည်သူများ သဘောမပေါက်မှု မရှိဘဲ ပါတီထူထောင်လိုက်ပါက မွန်နိုင်ငံရေးကျဆုံးသွားမည့် အနေအထားတစ်ခု ရောက်ရှိလာလိမ့်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီညီလာခံကို ကျွန်တော်တို့ အများကြီးမျှော်လင့်ထားတယ်။ ဒါပေမယ့် ပါတီတွေက ညီလာခံရဲ့ ဆုံးဖြတ်ချက် သူတို့ လုံဝတာဝန်မယူဘူးဆိုတာကို သူတို့ထုတ်ပြန်ထားတာတွေ့တယ်။ အဲဒါဆိုရင် ဆုံးဖြတ်ချက် ဘယ်လိုလုပ်မလဲ”ဟု သံဖြူဇရပ်မြို့နယ် နိုင်စိန်ထွန်းက ထောက်ပြ ပြောဆိုသည်။

ညီလာခံတွင် မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုမည့် နိုင်ငံရေးပါတီအသစ်တစ်ရပ်ဖွဲ့စည်းရန် ဆုံးဖြတ်လာပါက မွန်ပြည်သူများကြားတွင် နိုင်ငံရေးပါတီများသာ များလာပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ထပ်မံမဲရှုံးလိမ့်မည်ဖြစ်ကြောင်း

အဆိုပါ ညီလာခံတွင် မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုမည့် နိုင်ငံရေးပါတီအသစ်တစ်ရပ်ဖွဲ့စည်းရန် ဆုံးဖြတ်လာပါက မွန်ပြည်သူများကြားတွင် နိုင်ငံရေးပါတီများသာ များလာပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ထပ်မံမဲရှုံးလိမ့်မည်ဖြစ်ကြောင်း မွန်ပြည်သူအချို့က ထောက်ပြသည်။

“နိုင်ငံရေးပါတီတွေ ညီလာခံ မတက်ရောက်နိုင်တဲ့ကိစ္စက သူတို့ရဲ့ သဘောထားဖြစ်တဲ့အတွက် ဘာမှ မတုန့်ပြန်ချင်ပါဘူး။ သို့ပေမယ့် နိုင်ငံရေးပါတီတွေ မွန်သံဃာတော်တွေ ပြည်သူတွေရဲ့ အားလုံးပါဝင်နိုင်ရေးဆိုတဲ့အချက်ကို ခံယူထားတဲ့အတွက် နောက်ဆုံးအချိန်ထိ ကြိုဆိုနေမယ်”ဟု မွန်ပြည်သူ့ညီလာခံ ကျင်းပရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စိုးအောင်က ပြောသည်။

ထို့ကြောင့် မွန်နိုင်ငံရေးပြဿနာကို အဖြေရှာမည့် မွန်ပြည်သူ့ညီလာခံတွင် မွန်နိုင်ငံရေးပါတီက တက်ရောက်နိုင်ခြင်း မရှိသည့်အတွက် မွန်ပြည်သူများ၏ မျှော်လင့်ချက်များကို ဆုံးဖြတ်ချက်တစ်စုံတစ်ရာချမှတ်နိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံရေးပါတီတွေ မတက်ရောက်ပေမယ့် ညီလာခံကို တက်ရောက်လာတဲ့ လူတန်းစားအသီးသီးက ကိုယ်စားလှယ်တွေ အပေါ်မှာပဲ မူတည်နေတယ်။ ကျွန်တော်တို့က အားလုံးပါဝင်ရေးကိုပဲ ရှေးရှုနေမယ်။ နောက်ဆုံးဆုံးဖြတ်ချက်ကျသွားရင်တောင်မှ ဒီနိုင်ငံရေးပါတီတွေကိုပဲ ဦးစားပေးနေမယ်ဆိုတာ ညှိနှိုင်းရေးအဖွဲကမှာ သန္ဓိဋ္ဌာန်ချထားပြီးသားဖြစ်တဲ့အတွက် အကောင်းဆုံးအဖြေတစ်ခုကို ဖြစ်လာမှာပဲ”ဟု နိုင်စိုးအောင်က ပြောသည်။

Written by ရွှေရိုး

Advertisements
<

Leave a Reply