Advertisements

မော်လမြိုင် ၊ မေ ၃၀

မွန်နိုင်ငံရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းထိ ပါဝင်နိုင်ရန် ဗဟာဗျူ ဟာ ရေးဆွဲချမှတ် ခဲ့ကြောင်း မွန်ညီညွှတ်ရေးပါတီ (MUP) ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် မိလဝီမွန်က ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြန်လည်သုံးသပ်ခြင်းနှင့် အမျိုးသမီးများပါဝင်ဦးဆောင်မှု မြင့်တင်ရေး၂ရက်တာ ဆွေးနွေး ပွဲကို မော်လမြိုင်မြို့ မြိုင်သာယာရပ် ရာမညဟိုတယ်တွင် နှစ်ရက်တာကျင်းပ ခဲ့ပြီး ယင်းမဟာဗျူ ဟာကို ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။.

ဆွေးနွေးပွဲတွင် အမျိုးသမီးများ ရေရှည်တွင် ၅၀ ရာခိုင်နှုန်းပါဝင်ရန်အတွက် ရေတိုတွင် ၃၀ ရာခိုင်နှုန်းအထိ ပြည့်မှီရန်အတွက် ရည်မှန်းချက်ထားပြီး အထူးလုပ်ဆောင်ချက်များ လုပ်ဆောင်ရန် လိုအပ်ကြောင်း မိလဝီဟန်က ဆိုသည်။

“အကြမ်းဖျင်းအချက် ၇ချက်ရှိတာပေါ့နော် ခြုံကြည့်မယ်ဆိုလို့ရှိရင် ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်းပါဝင်နိုင်ဖို့ သဘောတူညီခဲ့ကြတယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး နှင့် ငြိမ်းချမ်းရေး ကဏ္ဍများ တွင်အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်လာခြင်းလာဖြင့် အမျိုးသမီးများ အတွက် သိသာမြင်သာသော ပန်းတိုင်တစ်ရပ်ရှိလာပြီး အမျိုးသမီးများ ပိုမိုကြိုးစားမှုရှိလာမည်ဖြစ်ကြောင်း စံပြလူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့မှ မိချယ်ရီစိုးက ပြောသည်။

“အရင်တုန်း က တန်းတူညီ မျှရေး အတွက် အချိုးအစားက ၅၀/၅၀ ပဲ ။ ဒါကတော့ အရမ်းဝေးတာပေါ့နော် ကျားမတန်းတူလို့ ပြောပေမဲ့ အားနည်းနေတာ အမျိုးသမီးတွေလေ” ဟု မိချယ်ရီစိုးက ပြောသည်။

နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ဆုံးဖြတ်ချက်ချသည့် အပိုင်းတွင် အမျိုးသမီးများ၏အသံ ပါဝင်စေဖို့အတွက် အဓိကရည်ရွယ် ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မိချယ်ရီစိုးက ပြောသည်။

အဆိုပါ ဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီ(NMSP)မှ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်းနှင့် အဖွဲ့ဝင်များ၊ မွန်ညီညွှတ်ရေးပါတီ(MUP) မှတွဲဖက်အတွင်းရေးမှူး ၂ နိုင်စံတင် နှင့် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်များ မွန်အရပ်ဘက်အဖွဲ့အစည်းများ နှင့် ရာမညရှေ့နေများကွန်ရက်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

ရန်လင်းအောင်

Leave a Reply