Advertisements

မော်လမြိုင် အောက်တိုဘာ

ခရီးသွားလုပ်ငန်းတိုးတက်လာစေရန် သံလွင်မြစ်တလျှောက် မွန်ပြည်နယ် မော်လမြိုင်မြို့မှ ကရင်ပြည်နယ် ဘားအံမြို့သို့ နေ့ချင်းပြန် အပျော်စီး ရေယာဉ် ပြေးဆွဲမှု အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

ယင်း လုပ်ငန်း လုပ်ဆောင်ရန် TintTint Myanmar Group Of Companies က ပြည်နယ် အစိုးရအဖွဲ့နှင့် လာရောက် တွေ့ဆုံထားပြီ လာမည့်လအတွင်း အကောင်အထည် ဖော်နိုင်ရန် ခန့်မှန်းထားကြောင်း ၎င်းက ပြောဆိုသည်။

“အခုထီးလှိုင်ရှင်ဇာတ်ရေယာဉ်ကို ပြင်ဆင်တာတွေလုပ်နေတယ်၊ ပြီးတော့မှာပါ၊ ပြီးရင် ပြည်တွင်းပြည်ပခရီးသွားတွေ မြစ်အလှကိုကြည့်နိုင်အောင် လုပ်ပေးမှာပါ၊ အဆင့်မြင့်တဲ့ဝန်ဆောင်မှု သက်သာတဲ့ဈေးနှုန်းနဲ့ လုပ်ပေးမှာပါ”ဟု ၎င်းက ပြောသည်။

အပျော်စီးရေယာဉ်ပေါ်တွင် မွန်ပြည်နယ်မှ ထွက်ရှိသော လက်မှုထွက်ကုန်များဖြစ်သည့် ဆေးတံ၊ ကျောက်သင်ပုန်း၊ ရိုးရာဝတ်စုံများ အပြင်ဒေသထွက်သစ်သီးဝလံမျိုးစုံကို ရောင်းချပေးမည့်အပြင် ဈေးနှုန်း သက်သက်သာသာဖြင့် စီးနင်ခွင့်ရအောင် ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် သံလွင်မြစ်တစ်လျှောက်ရှိ မွန်နှင့် ကရင်ကျေးရွာတစ်ချို့ကို ရွေးချယ်ကာ ရိုးရာဓလေ့၊ ယဉ်းကျေးမှုနှင့် လူနေမှုဘဝများကို ခရီးသွားများဝင်ရောက် လည့်ပတ်နိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

ရေကြောင်းခရီးစဉ်အတွက် မော်လမြိုင်မြို့ကို အခြေပြုကာ ပင်လယ်ဝအထိ သွားလာလည်ပတ်နိုင်စေရန် ချိတ်ဆက်ပေးမည်ဖြစ်ပြီး ယိုးဒယားဘက်မှ ဝင်လာသော ခရီးသည်များ ရေလမ်းခရီးဖြင့် လာရောက်လည်ပတ်နိုင်ရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးထွန်းဌေးက ပြောသည်။

ထိုက်ထိုက်

Leave a Reply